မွေးဖွားဖို့ ရက်ပိုင်းလိုတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ဓားပြတိုက် သတ်သူတွေ ဖမ်းမိတယ်လို့ သတင်းထွက်

သြဂုတ် ၁၁ – ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ထန်းတောရပ်ကွက်မှာနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးဟာ မနေ့ သြဂုတ် ၁၀ ရက် ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်သူတွေရဲ့ သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပြီး၊ အဲဒီ ဓါးပြ​တွေကို ဖမ်းမိတယ်လို့ သိရပါတယ်။

” ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပစ်သတ်သွားတဲ့ ဓားပြ ၇ ယောက်နဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တခုက သူ့တို့ ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တက်လာတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဓားပြတွေပစ်သတ်လို့ သေဆုံးရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်သူဟာ ကိုယ်ဝန် ၉ လထဲရောက်နေပြီး သားဦးလေး မွေးဖွားဖို့ ရက်ပိုင်းပဲလိုတော့တာဖြစ်တယ်လို့ သိရပါတယ်။

မ​နေ့ကဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့ခံတ​ယောက်က
” သေနတ်တွေကိုင်ဆောင်လာတဲ့ လူငယ် ၆ ယောက် ၊ ၇ ယောက်ဟာ သေနတ်တွေပြပြီးတော့ အိမ်တံခါးဖွင့်ခိုင်းတယ် ၊ အိမ်ထဲကို ၃ ယောက်ဝင်လာတယ် ၊ အဲ့ဒီအချိန် အိမ်ထဲမှာ အိမ်ရှင် ၄ ယောက်ရှိတယ် ၊ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်ဖြစ်တယ် ၊ အမျိုးသမီး ၃ ယောက်ထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အဘွားကြီးတယောက်လည်းပါတယ်၊ အိမ်ထဲကို ဓားပြတွေဝင်လာတော့ အိမ်ရှင်တွေကို ဝမ်းလျားမှောက်ခိုင်းတယ် ၊ အဲ့ဒီ အချိန် သေနတ်စပစ်တော့တာ ၊ ကိုယ်ဝန်ဆောင်သည် အသက် ၂၅ နှစ်အရွယ်ရှိသူက နားထင်မှာ သေနတ် ၂ ချက်မှန်ပြီး နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ် ၊ အိမ်ရှင် အဘွားနဲ့ အိမ်ရှင် အစ်ကို တယောက်လည်း ပစ်ခံရတယ် ၊ သူတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ် ၊ ကျည်ထိမှန်တာတော့ မရှိဘူး ၊ နေအိမ်ထဲက ဖုန်း ၂ လုံးနဲ့ ကလစ်ဆိုင်ကယ် တစီးပါသွားတယ်” လို့ ပြောပါတယ်။

မုံရွာမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက”အခုတလော မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ ဖြစ်စဥ် ခပ်စိပ်စိပ်လေး ဖြစ်လာတယ် ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်ပွဲစားတွေ ပြန်ပေးဆွဲခံရတာဖြစ်တယ် ၊ ပိုက်ဆံနဲ့ လိုက်ရွေးရမယ့်နေရာကို ဖုန်းနဲ့လှမ်းပြီး ဆက်သွယ်တယ် “လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း နေ့တိုင်းလိုလို လုယက်မှု ၊ ဓားပြမှုတွေဖြစ်ပွားပြီး ဓားပြတိုက် လုယက်ခံရသူတွေဟာ လောင်းကစားဒိုင်အိမ်တွေ ၊ ကုန်စုံဆိုင် လုပ်ငန်းရှင်တွေ ၊ ရွှေဆိုင်တွေ ၊ ကုန်သည်ပွဲစားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW