မကွေးတိုင်းမှာ (၂)နှစ်ကျော်ကာလအတွင်း လူနေအိမ် (၁)သောင်းကျော် မီးရှို့ဖျက်စီးခံထားရ

သြဂုတ် ၊ ၂၈ ၊ ၂၀၂၃
SP (VOM)

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်ကနေ အခုနှစ် သြဂုတ် ၂၈ အထိ ၂ နှစ်ကျော် ကာလအတွင်း မကွေးတိုင်းမှာ လူနေအိမ်ပေါင်း တစ်သောင်းကျော် မီးရှို့ဖျက်စီးခံရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

” တနေ့ (သြဂုတ် ၂၆)က ၊ မနက်ပိုင်း ၇ နာရီ ဝန်းကျင်လောက်မှာ မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ကိုင်းမကြီးကျေးရွာမှာ လူနေအိမ် ၈၀ ကျော် မီးရှို့ဖျက်စီးခံရတယ် ၊ အဲ့ဒီ မီးလောင်ပြင်မှာ အသက် ၆၀ နှစ်အရွယ် ဦးလှရှင် ဆိုသူ သေတယ် ၊ သူက ထန်းသမားတယောက်ဖြစ်တယ် ၊ ထန်းပင်ပေါ်က ပြုတ်ကျပြီး ကျန်းမာရေး မကောင်းတဲ့သူဖြစ်တယ် ၊ အဲ့ဒီ မီးလောင်တဲ့ဖြစ်စဥ်ကြောင့် အနီးနားက ကိုင်းမကြီး၊ မြေခဲတောင်နဲ့ ဆင်တန့်နားရွာက ဒေသခံတွေလည်း ထွက်ပြေးပုန်းရှောင်နေရတယ် ၊ မီးက ဘယ်အဖွဲ့စပြီးရှို့တယ်ဆိုတာ မသိရဘူး ” လို့ ကိုင်းမကြီးရွာခံ တယောက်က ပြောပါတယ်။

မကွေးတိုင်းမှာ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ထဲက မြို့နယ်တွေမှာ မီးရှို့ဖျက်စီးခံရတယ်လို့ သိရပါတယ်။

မကွေးတိုင်း မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူ တယောက်က ” ၂၀၂၁ မှာ ပေါက်မြို့နယ် ကင်းမရွာ နဲ့ ဂန့်ဂေါမြို့နယ် မြင်သား ၊ နှမ်းခါး ရွာ မီးလောင်ဖြစ်စဥ်တွေက စခဲ့တာဖြစ်တယ် ၊ ဂန့်ဂေါ ၊ ထီးလင်း ၊ ကျောက်ထု ၊ ဆော ၊ ပေါက် ၊ မြိုင် ၊ ရေစကြို နဲ့ ပခုက္ကူစတဲ့ မြို့နယ်တွေမှာ မီးရှို့ဖျက်စီးခံရတဲ့ ဖြစ်စဥ်များတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် Institute for Strategy and Policy Myanmar (ISPM) အဖွဲ့နဲ့ Data For Myanmar အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခု ၂၀၂၃ ဇူလိုင်လကုန်အထိ နိုင်ငံအဝှမ်းမှာ မီးလောင်ပျက်စီးရတဲ့ အိမ်ခြေပေါင်း ၇၄,၈၇၄လုံး မီးလောင်ပျက်စီးခဲ့ပြီး ၊ အဲ့ဒီထဲက မကွေးတိုင်းမှာ နေအိမ်ပေါင်း ၁၁,၀၂၆ လုံး မီးလောင်ဆုံရှံးရတယ်လို့ ဖော်ပြထားတာကို သိရပါတယ်။

#voiceofmtanmar #VOM #မကွေးတိုင်း #နေအိမ်မီးရှို့ဖျက်ဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW