အောက်တိုဘာ ၊ ၂၂ ၊ ၂၀၂၃
KT + SP ( Volce Of Myanmar)
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိ ခရိုင် ၊ တပ်ကုန်းမြို့နယ် ၊ ကင်းသာရွာနားမှာရှိတဲ့ ကင်းသာ ၂ အကျဥ်းသား ကုန်ထုတ်လုပ်ရေး စခန်းက အကျဥ်းသား ခုနှစ်ယောက် ထွက်ပြေးခဲ့ပါတယ် ။ အဲ့ဒီထဲက ထွက်ပြေး အကျဥ်းသား လေးယောက်ကို ပြန်ဖမ်းမိတယ်လို့ မနေ့ အောက်တိုဘာ ၂၁ ရက်နေ့က သိရပါတယ်။
တပ်ကုန်းမြို့နယ် ၊ တောင်ပို့သာနယ်မြေရဲစခန်းထဲက သစ်ဆိမ့်ပင် မြောက်ရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ညနေပိုင်းက ဖမ်းမိတာလို့ သိရပါတယ်။
” ကုန်ထုတ် အကျဥ်းစခန်းကနေ ထွက်ပြေးလာတဲ့ အကျဥ်းသား ခုနှစ်ယောက်ထဲက အခု လေးယောက် ပြန်ဖမ်းမိတားတယ် ၊ ဖမ်းမိတဲ့သူတွေကတော့ ရမည်းသင်း မြို့နယ်က ရဲမင်းဦး ၊ လယ်ဝေးမြို့နယ်က နေထက်အောင် ၊ မိတ္ထီလာမြို့နယ်က ကလီ (ခ) အောင်ဆန်းဦး နဲ့ မန္တလေးတိုင်းဘက်က ကျော်ကျော်သက် တို့ဖြစ်တယ်၊ ပြန်ဖမ်းမိတဲ့ အဲ့ဒီ လေးယောက်ကို တပ်ကုန် မြို့မရဲစခန်းမှာ ဥပဒေအရ အရေးယူဖို့ လုပ်နေတယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံ အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဥပဒေ ပညာရှင်တယောက်က ” ထောင်ကနေ ထွက်ပြေးတယ်ဆိုတဲ့ ကိစ္စက နိုင်ငံတကာမှာလည်း ဖြစ်တယ် ၊ ထွက်ပြေးတဲ့ နိုင်ငံတွေမှာ ဖြစ်စဥ် အရေအတွက် နည်းတာများတာပဲ ကွာတယ် ၊ ပြည်တွင်းက ထောင်ပြေးကိစ္စတွေကို ကျွန်တော် တယောက်တည်း ပုဂ္ဂလ အမြင်ပြောရရင် ပြည်တွင်းမှာရှိတဲ့ အကျဥ်းထောင်တွေ အများစုက ကိုလိုနီခေတ်က ၁၈၈၅ နောက်ပိုင်း ဆောက်ထားတာကိုတွေ့ရတယ် ၊ အကျဥ်းထောင် လက်စွဲ ဥပဒေတွေက အဲ့ဒီခေတ်က ပြဌာန်းရေးဆွဲခဲ့တဲ့ အရာတွေဖြစ်တယ် ၊ အဲ့ဒီ အကျဥ်းထောင် လက်စွဲ စတင်ရေးဆွဲ ပြဌာန်းစဥ်က မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းသူတွေနဲ့ ဒေသတွင်း တရားဥပဒေ ချိုးဖောက်သူတွေ နှိပ်ကွပ်ဖို့လို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တာဖြစ်တယ် ၊ ဥပဒေတွေက ပြင်းထန်လွန်းတယ် ၊ ဒါကို ကမ္ဘာကသိတော့ ဒီခေတ်မှာ ICRC အဖွဲ့တွေ ပေါ်ပေါက်လာရတယ် ၊ အဲ့ဒါကြောင့် မျက်မှောက်ခေတ်နဲ့ မကိုက်ညီတာတွေ ပယ်ဖျက်ပြီး ၊ အကျဥ်းသားတွေရဲ့ အခွင့်အရေးနဲ့ ကိုက်ညီတဲ့ အကျဥ်းထောင် လက်စွဲ အသစ်တွေ ပြဌာန်းဖို့လိုတယ် ၊ အဲ့ဒီလို မဟုတ်ရင် ထောင်ပြေးကိစ္စတွေ ဆက်ရှိနေဦးမယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က တနင်္သါရီတိုင်း ၊ ထားဝယ်မြို့ ၊ ထားဝယ် အကျဥ်းထောင်က အကျဥ်းသား ငါးယောက်ကို ထောင်သစ်တည်ဆောက်မယ့် မြေနေရာကို အပြင်အလုပ် ထုတ်ခိုင်းခဲ့ရာ ၊ အဲ့ဒီ အကျဥ်းသား ငါးယောက်က လုံခြုံရေး အစောင့်အကြပ် လိုက်ပါလာတဲ့ ထောင်ဝန်ထမ်း နှစ်ဦးကို ရိုက်သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်ကလည်း ရန်ကုန်တိုင်း ၊ ဒလမြို့ ၊ မြိုမရဲစခန်း အချုပ်ခန်းကနေ ဖောက်ထွင်းပြီး အချုပ်သား ခြောက်ယောက် ထွက်ပြေးပြီးနောက် အဲ့ဒီ ခြောက်ေယာက်စလုံး ပြန်ဖမ်းမိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း ၊ တောင်ငူ အကျဥ်းထောင်မှာလည်း ပြီးခဲ့တဲ့ မေတုန်းက ထောင်တွင်း အထူးတရားရုံးထုတ်တဲ့နေရာမှာ ရုံးထုတ်လာတဲ့ အကျဥ်းကျ အချုပ်သားတွေက လုံခြုံရေးလိုက်ပါလာတဲ့ ရဲဝန်ထမ်းတွေဆီက သေနတ်လုယူပြီး အချုပ်သား ၅ ယောက်က လုံခြုံရေးအဖွဲ့ကို ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် လုံခြုံရေးအဖွဲ့ ဝင် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရပြီး အဲ့ဒီ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူ အကျဥ်းထောင်မှာ ရှိတဲ့ နိုင် / ကျဥ်း ၇ ယောက် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။
” ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၂၄ အရ အရေးယူထိုက်တဲ့ အချုပ်ခန်း ဖောက်ပြေးတဲ့ အချုပ်သားတွေ ၊ အကျဥ်းစခန်းကနေ ထွက်ပြေးတဲ့ ရဲဘက်ပြေးတွေ အများအပြားရှိတယ် ၊ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလမှာ အဲ့ဒီလိုဖြစ်စဥ်ပေါင်း နှစ်ရာကျော်ရှိတယ် ” လို့ ပြည်ထဲရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာအကျဥ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ထောင်အရာရှိ ၁ ဦးဟာ သာစည်ထောင်သစ်လုပ်ငန်းခွင်ကနေ မုံရွာကို ပြန်အလာ လမ်းမှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တာခံရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။