ရန်ကုန်၊အောက်တိုဘာ ၂၇ ၊ ၂၀၂၃
GG (VOM)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက်အစောပိုင်းချိန်ကတည်းက ခုချိန်ထိ စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။
အဆိုပါ နှစ်ဖက်ထိတွေ တိုက်ပွဲအကြားမှာ အရပ်သား သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရသူတွေရှိနေပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။
” မနက် ၅ နာရီကျော်ကျော်ထဲက လက်နက်ကြီးသံကြားတယ်၊ အမှတ် ၇ ရပ်ကွက်ပေါ့၊ မနက် ၈ နာရီကျော်လောက်ကျတော့ မြို့ထဲမှာလည်းပစ်ခတ်မှုတွေရှိလာတယ်။ လက်နက်ကြီးတွေလည်းကျတယ်၊ အဆောက်အဦးတွေလည်းမီးလောင်တယ်၊မြို့ပေါ်မှာပဲဖြစ်နေတာ၊ အခုတော့ လက်နက်ငယ်ပစ်ခတ်သံမကြားရတော့ပေမယ့် လက်နက်ကြီးပစ်သံတွေတော့ကြားနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ခုမနက်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ် တိုက်ပွဲမှာ ကော့ကရိတ်မြို့ပေါ်က ခြေလျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်းဘေးနေရာမှာရှိတဲ့ သတင်းရဲတပ်ဖွဲ့ရုံး နဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံးတွေ မီးရှို့ ခံလိုက်ရတယ်လို့သိရပါတယ်။
” မနက် ၈ နာရီလောက်က စရဖရုံး မီးရှို့ခံရတယ်၊တရားရုံးကတော့မသိသေးဘူး။ သူတို့ခုထိ မြို့ထဲမှာရှိနေသေးတယ်။မြို့ပြင်ရောက်နေတဲ့ကော့ကရိတ်ဒေသံတွေလည်း အထဲဝင်ဖို့တောင်မလွယ်ဘူး။ ” လို့ နောက်ထပ်ကော့ကရိတ်ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိ ကော့ကရိတ်မြို့ပေါ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေရှိနေသေးကြောင်း ၊ ဒေသခံပြည်သူတွေထဲမှာတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြတာရှိသလို နေအိမ်မှာပဲ ပိတ်မိနေတဲ့သက်ကြီးရွယ်အိုတွေရှိကြောင်း၊ မြို့ပေါ်မှာတော့အသွားအလာ သိပ်မရှိဘူးလို့သိရပါတယ်။
ဒါ့အပြင် ကော့ကရိတ် – မြဝတီ ကားတွေပေးမဖြတ်တော့တာကြောင့် မြဝတီကုန်သွယ်ရေးလည်း ရပ်သွားပြီလို့ သိရပါတယ်။
ခုလ အောက်တိုဘာ၂၄ရက်နေ့ကလည်း ကော့ကရိတ်မြို့က ဆင်ကုန်းကျေးရွာနဲ့တတန်ကူးကျေးရွာအကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုရှိခဲ့တဲ့အပြင် စစ်တပ်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ နယ်မြေသတင်းတွေအရသိရပါတယ်။
အရင်ရက်တွေမှာလည်း ကော့ကရိတ်မြို့နယ်အတွင်းမှာ pdf ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားမှုရှိခဲ့တယ်လို့သိရပါတယ်။
#voiceofmyanmar #VoM #ကော့ကရိတ် #မြဝတီကုန်သွယ်ရေး