အောက်တိုဘာ ၃၁၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ၊ ပြည်ထောင်စု လမ်းမပေါ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲကျော်ခန့်က တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ လက်နက်ကြီး တလုံးကျကွဲလို့ လမ်းလျှောက်နေတဲ့ ပြည်သူ သုံးဦး ထိမှန်သေဆုံးသွားကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
“ဟုတ်တယ်။ ၃ ယောက်။ မိန်းကလေး ၁ ယောက်၊ ယောက်ျားလေး ၂ ယောက်။ သုံးယောက်စလုံး နမ့်ဖတ်ကာကပဲ။ သုံးယောက်စလုံးဆုံးတယ်။” လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက VOM ကို ပြောပါတယ်။
သေဆုံးသွားသူတွေက အသက် ၁၈ နှစ်၊ ၁၉ နှစ်နဲ့ ၂၆ နှစ် အရွယ်တွေဖြစ်ပြီး နေအိမ်တွေ ထိခိုက်တာတော့ မရှိဘူး လို့ သူက ပြောပါတယ်။
ဒီအတောအတွင်းမှ လက်နက်ကြီးကျကွဲလို့ ထိခိုက်တာ ၂ ခါရှိပြီဖြစ်ပြီး သေဆံုးသူ ၅ ဦး ထိရှိကာ အရင်နေ့က ထိခိုက်လို့ ဆေးရုံတက်နေသူတွေလည်း ဆေးရုံဆင်းပြီ ဖြစ်ပေမယ့် လမ်းခရီး သွားလာလို့ မရလို့ သွားမခေါ်ရသေးဘူးလို့ ဆိုပါတယ်။
“တစ်ယောက်ကတော့ ပွဲချင်းပြီးပေါ့။ နှစ်ယောက်ကတော့ ဆေးရုံရောက်မှပေါ့။ မကြာပါဘူး။ ဟိုဟာပေါ့။ ၅ မိနစ် ဆယ် မိနစ်လောက် ကွာမှာပေါ့။” လို့ သူက ရှင်းပြပါတယ်။
ကားလမ်းမပေါ် လမ်းလျှောက်နေချိန် မောသျှမ်း ထမင်းဆိုင်အနီးအရောက်မှာ လက်နက်ကြီးက ဘယ်ကနေကျလာမှန်းမသိပဲ ကွဲလို့ အဲဒီ လမ်း လျှောက်နေတဲ့ သုံးယောက်ကို ထိမှန်သွားပြီး အနီးနားရပ်ထားတဲ့ ကားလည်းထိမှန်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက နှလုံး ထောက်ထွင်းဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားပြီး အသက် ၁၉ နှစ်အရွယ် မိန်းကလေးက ဘယ်ဘက် ပေါင်မှာထိခိုက်ကာနဲ့ အသက် ၁၈ နှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦးက ဘယ်ဘက်ဗိုက်နဲ့ ပေါင်နားထိခိုက်ဒဏ် ရာရရှိကာ သေဆုံးသွားတာဖြစ်ပါတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့၂၇ ရက်နေ့ကလည်း နမ့်ဖတ်ကာ ရပ် ကွက် ၄ ရှိ နေအိမ် ၂ အိမ်အနီး လက်နက်ကြီး ကျကွဲကာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် ညီနောင် ပူးပေါင်းအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရေဝင်နဲ့ နောင်ချိုမှာလည်း စစ်ရှောင် ရာချီ ရှိသလို ကျောက်မဲ နောင်ပိန်မှာ စစ်ရှောင် ၄၀၀ ကျော်၊ လားရှိုးမှာ ၅၀၀၀ ကျော်၊ မုံးကိုးမှာ အိမ်ခြေ ၈၀ ကျော် နဲ့ ဖောင်းဆိုင်ဘက် ရွာ ၅ ရွာခန့်က လူဦးရေ ၁၀၀၀ နီးပါး ရှိနေပြီး အရေးပေါ် စားသောက်စရာ လိုအပ်နေကြောင်း အရပ်ဘက် အဖွဲ့ အစည်းနဲ့ ကူညီနေသူတွေဆီက သိရပါတယ်။