ဆူးငှက်
တစ်လောက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့မေးတယ်။ “ဘယ်အချိန်အခါ ရောက်ရင် မင်းအဖေကို သတိရဆုံးဖြစ်သလဲ”တဲ့။ သူကလည်း ဒီလိုပါ။ ငယ်စဉ်ကတည်းက အိမ်ကို အလည်လာတိုင်း အဖေနဲ့ချည်းတွေ့ နေတာကိုး။ အမေနဲ့က ဆယ်ခါ့ရံတစ်ခါမှ တွေ့ဖြစ်တာ။ အမေက ဈေးထွက်နေရတာလေ။ အဖေနဲ့ အမြဲလိုလို တွေ့ဖြစ်နေတော့ အဖေပြောတာဆိုတာ၊ နေတာ ထိုင်တာ မှတ်မိနေတော့ အဲဒီကတည်းက ကျွန်တော့ကိုလည်း “မင်းက မင်းအဖေနဲ့ တော်တော်တူတာပဲ”လို့ ပြောတတ်တယ်။ဒါကြောင့် အခု ပြန်တွေ့ကြလို့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်ပြောကြရင်း ကျွန်တော့အဖေအကြောင်း ရောက်သွားလို့ သူကအခုလို တစ်ခုတ်တရ ပြန်မေးတာပါ။
ဟုတ်ပါတယ်။ ကျွန်တော်ကလည်း အခု ဒီနှစ်ဆိုရင် အဖေဆုံးတာ ၃၅နှစ် ပြည့်ပေမယ့် အိမ်မက်ထဲမှာထိ အဖေနဲ့ တွေ့ဆဲပါ။ တစ်နေ့ညကပဲ အိပ်မက်မက်တော့ အဖေ့ကို ကျွန်တော်က လက်တွဲပြီး ခေါ်သွားရင်း “သြော်… အဖေလည်း အသက် အတော်ကြီးပြီပေါ့”လို့ အောက်မေ့ နေသေးတာတဲ့။ အိပ်မက်ထဲမှာ အဖေ့တင်လား။ မဟုတ်ပါဘူး။ အမေ့လည်း ခဏခဏ မက်တာပါပဲ။ဟင်းချေးများတဲ့ ကျွန်တော့ကို ကြက်ဥကြော် ကြော်ပေးတာ။ ခရမ်းချဉ်သီး ငါးပိချက်လေး ချက်ချင်း ချက်ပေးတာတွေ မက်တုန်း။ မက်တဲ့ အိပ်မက်တိုင်း မွေးကတည်းက တက္ကသိုလ်ကျောင်းသား ဖြစ်သည်အထိ နေခဲ့ရတဲ့ ၃ ပင် ၂ ခန်း အိမ်ခန်းလေးမှာပဲသားအမိ သားအဖ တစ်တွေ နေခဲ့ရတာတွေ မက်တုန်း။ ဘုရားစင်ကလေးရယ်၊ သင်္ဘောဝါးကြမ်း စင်ကလေးပေါ်က တိုလီမုတ်စပစ္စည်းလေးတွေ ရယ်၊ ဦးစမူသား ကိုစု ဗလာစာအုပ်လေးထဲက အစွဲချွတ် ခေါစာပစ်တဲ့ ဟောစာတမ်းတွေရယ်၊ အိမ်ခေါင်းရင်းကမာလကာပင်လေးရယ် စတာတွေလည်း အိပ်မက်ထဲမှာ ပါတတ်တယ်။
အမေဆုံးတာကတော့ နှစ်၂၀ ရှိပါပြီ။
အခု… သူငယ်ချင်းက အမှတ်မထင် မေးလိုက်မှပဲ အဖေ့ကို ဘယ်အချိန် သတိအရဆုံးလဲ ဆိုတာ ပြန်စဉ်းစားတော့သူများတကာတွေလို အိပ်မက်ထဲမှာ ပြန်တွေ့ပြီး အိပ်မက်က နိုးလာတော့ မျက်ရည်အရွှဲသားနဲ့ သတိရတာမျိုး မရှိတာ ဝန်ခံပါတယ်။ တကယ်တမ်း သတိရတာက ဝါတွင်းကာလ ဟိုး ခပ်လှမ်းလှမ်း ဓမ္မာရုံတွေ ကနေ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင် ဓာတ်ပြားတွေ ဖွင့်သံ ခပ်သဲ့သဲ့ ကြားရတာမျိုး ရုပ်မြင်သံကြားက ရှားရှားပါးပါး လာတတ်တဲ့ ဇာတ်အဖွဲ့ဖျော်ဖြေခန်းလိုမျိုး ကြားရ၊ မြင်ရရင် မျက်ရည်ကျပြီး အဖေ့ကို သတိရပါတယ်။
ဘာလို့လဲဆိုတော့ အဖေကဇာတ် အင်မတန် ကြိုက်တာကိုး။ ဇာတ်တင်လား ဆိုတော့ မဟုတ်ပါဘူး။ ရုပ်သေးလည်းကြိုက်တယ်။ အငြိမ့်လည်း ကြိုက်တယ်။ ဗလာဆိုင်းလည်း ကြိုက်တယ်။ ကုန်ကုန် ပြောရရင် စည်တော်ကြီးအဖွဲ့လည်း ကြိုက်ပါတယ်။ စာစကားလို ပြောရင် “သဘင်မှု”ကို ကြိုက်တယ်လို့ ပြောရမှာပေါ့။ ဇာတ်ကြိုက်တာက အများနဲ့ မတူပါဘူး။ နှစ်ပါးသွားနဲ့နောက်ပိုင်း ဇာတ်တော်ကြီးတွေကို ကြိုက်ကြတာပါ။ ခေတ်ပြဇာတ် မကြိုက်ပါဘူး။ ခေတ်အော်ပရာ မကြိုက်ပါဘူး။ ရာဇဝင်အော်ပရာဆို ကြိုက်ပါတယ်။ အငြိမ့်ဆိုရင်လည်း ရှေ့ပိုင်းက အော်ပရာတွေ ရှေ့ထွက် မင်းသမီးတွေ မကြိုက်ပါဘူး။ အလယ်ထွက်နဲ့ ခေါင်းဆောင် မင်းသမီးရဲ့ အငြိမ့်ခန်း ကြိုက်ပါတယ်။ နောက်ပိုင်း မန္တလေးအငြိမ့်တွေက ခေါင်းဆောင်ကို ရန်ကုန်က ကလက်တက်တက်၊ ငယ်ငယ်ချောချော၊ ကာလသားကြိုက်လေးတွေ ခေါ်လာတော့ မကြိုက်တော့ဘူး။ အလယ်ထွက် ကမှ ပညာ ပိုပြည့်သတဲ့။ ဒါကြောင့် အငြိမ့်ကြည့်ရင်ပင် အလယ်ထွက်မင်းသမီးအမီ သွားကြည့်တတ်တာပါ။
အငြိမ့်ဆိုလို့ အဖေက အငြိမ့်နဲ့ ပတ်သက်ပြီး စွဲစွဲလန်းလန်း ကြိုက်တာ တစ်ခု ရှိသေးတယ်။ ဘုန်းကြီးပျံ ဧယဉ်ကျူးပါ။ဘုန်းကြီးပျံများ ရှိလို့က ဘယ်အငြိမ့်၊ ဘယ်မင်းသမီး ဧယဉ်ကျူးမှာလဲ ဆိုတာ အရင်စုံစမ်းတယ်။ မင်းသမီး”မာယာတင်”များ ဧယဉ်ကျူးရင် မလွတ်တမ်းပေါ့။ ကျွန်တော်ကတော့ “မာယာတင်”ကို ချမ်းမြသာစည် လေယာဉ်ကွင်း နားက ကြေညာဆိုင်းဘုတ်ကြောင့် ပိုမှတ်မိနေတာပါ။ “လူထုချစ်ခင်၊ မာယာတင်” ဆိုတဲ့ ဆိုင်းဘုတ်လေ။ မာယာတင်တို့နောက် မင်းသမီးငယ်ထဲက ဧယဉ်ကျူးကို “ရွှေမန်းသူ မြင့်မြင့်သန်း” လည်း အဖေက သဘောကျတယ်။
တစ်နှစ်တင်ကများ အဖေတို့ အမေတို့ ဇာတိ ဘုတလင်နယ်ထဲက ဘုန်းကြီးပျံမှာ ရွှေမန်းသူမြင့်မြင့်သန်း ပါတဲ့ သစ်လွင်အငြိမ့်ကို အဖေက တာဝန်ခံပြီး ငှားပေးလိုက်တယ်။ “ပွဲရှင်လည်း ကျေနပ်စေ၊ ပွဲငှားလည်း မျက်နှာရစေ” ရမယ်လို့ တာဝန်ခံလိုက်သေးရဲ့။ အဲဒီပွဲ ကိုယ်တိုင် မလိုက်နိုင်တော့ တိတ်ခွေ အလွတ်တစ်ခွေ ပေးလိုက်ပြီး ဧယဉ်ကျူးကို အသံသွင်းခဲ့ပါလို့ မှာလိုက်ပြီး အားအားရှိတိုင်း အဲဒီ ဧယဉ်ကျူးခွေချည်း ဖွင့်နေလို့ အမေက တားယူရတယ်။
ဒီတော့ အဖေက ဇာတ်ဆိုရင် “နောက်ပိုင်း ဇာတ်တော်”ကြီးတွေမှ ကြိုက်တာ မဆန်းဘူးပေါ့။ မြန်မာ့ဇာတ်သဘင်ရဲ့ အဓိကအဆီအနှစ်ဖြစ်တဲ့ “ဆို၊ ငို၊ ပြော”ကို အဖေက ကြိုက်တာလေ။ ဒါထက် ပိုတာက အဲဒီ ဇာတ်ရဲ့ ဇာတ်ပို့ ဆိုင်းကိုလည်း အဖေကဇီဇာကြောင်သေးရဲ့။ ရွှေမန်းတင်မောင် ဇာတ်ထုပ်ချင်းအတူတူ ဦးဘမောင်ကြီး ဆိုင်းက ဇာတ်ပို့ ပိုကောင်းသတဲ့။ ဒီတော့ ဗလာဆိုင်း ကြိုက်တာလည်း မဆန်းပြန်ဘူးပေါ့။ အဖေက မန္တလေးနေပေမယ့် သူ့မုံရွာ၊ အရာတော်နယ်ဘက်က ဆိုင်းတွေကို ပိုကြိုက်တတ်တယ်။
စိန်ဗေဒါကြီး ဘယ်လောက ကောင်းကောင်း “စိန်ရာထွန်း”လောက် အာသီသ ပြေပုံမပေါ်ဘူး။ ဆိုင်းမှာ အုံနဲ့ကျင်းနဲ့ထက်တစ်ကိုယ်တော် လက်ကွက်စိတ်စိတ် တီးတာ ပိုကြိုက်ပုံပါပဲ။ မုံရွာဘက်ကနေ မန္တလေးတက်လာတဲ့(အခုကွယ်လွန်သွားပြီဖြစ်တဲ့)စိန်ဘညို ဆိုရင် အဖေက မလွတ်စတမ်းပါပဲ။ မုံရွာနယ်က မန္တလေးကို စိန်ဘညိုတက်ပြီး ဗိုလ်လုပ်ဖို့ အဖေပဲ အစစ ကူညီခဲ့တယ်လို့ သိရတယ်။ မန္တလေး အိမ်တော်ရာဘုရား ထီးတင်ပွဲမှာတဲ့။
၁၉၅၈၊ ၅၉ လောက်က ဖြစ်မှာပေါ့။
ဒီအဆက်အစပ်ကြောင့် ထင်ပါရဲ့။ ကျွန်တော်တို့ ဒေါင်းရိုးအိမ်မှာ ရှိနေစဉ် ကာလက ဥပုသ်နေ့ဆိုရင် ရွာစားစိန်ဘညို တစ်ယောက် သူ့စက်ဘီးနဲ့ အိမ်ရောက်လာပြီး ရေနွေးကြမ်းတစ်အိုး အလယ်မှာထားကာ အဖေနဲ့ ဆိုင်းအကြောင်းတွေ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ရပ်ကွက် အနီးအနား အလှူများမှာ စိန်ဘညိုဆိုင်းပါရင် အလှူဝင် ဆိုင်းဧည့်ခံရောက်တော့ကျွန်တော်တို့ သားအဖက ဆိုင်းရဲ့ ဗွီအိုင်ပီ ဧည့်သည်ပေါ့။ ဆိုင်းက ယိုးဒယားကရောင်း ရိုက်နေတုန်း ပတ်ဝိုင်း မင်းပေါက်နားမှာရွာစားရယ်၊ ကျွန်တော်တို့ သားအဖရယ်က အလှူဧည့်ခံ ထိုးမုန့်၊ ဆနွင်းမကင်း၊ လက်ဖက် စတဲ့ အချိုပွဲကို ဦးဆုံးစားကြရတယ်။ရွာစားက ဆိုင်းဝိုင်းထဲ ဝင်ခါနီးရင် အဖေ့ကို လက်အုပ်ချီပြီးမှ ဝင်တာလည်း မှတ်မိတယ်။
တစ်နှစ်ဆီက အိမ်မြောက်ဖက် ဒက္ခိန ကျောင်းတိုက်ထဲက အလှူမှာ စိန်ဘညို ဆိုင်းပါတယ်။ ပွဲကူးကြမ်းပြီး နောက်ကျတာရော ခရီးပန်းတာရောမို့ ရွာစားအနေနဲ့ တစ်ကိုယ်တော် လက်စွမ်းပြမှာ ထင်သလောက် ခရီးရောက်ခဲ့ပုံမရဘူး။ ဒီတော့ အားခဲထားတဲ့ ပရိသတ်က စိတ်တိုင်းမကျဘဲ “စိန်ဘခို”ပါကွာလို့ အပြစ်တင်တယ်။ အဖေ့မှာ တစ်ရပ်လုံးကို ရှင်းပြရတာအမော။ ရှင်းပြတာ လက်မခံဘဲ ဆိုင်းက ခိုတယ်လို့ ပြောတဲ့သူတွေနဲ့လည်း ရန်ဖြစ်ရတာ အမော။
ရွာဘုန်းကြီးပျံတောင်မှ တိတ်ခွေပေးပြီး အသံသွင်းကာ တစ်နှစ်လုံး နားထောင်တဲ့ အဖေ့ကို အခုလို တီဗွီတွေ၊ ဗွီစီဒီတွေ၊ စီဒီတွေ၊ယူကျုတွေ ပေါတဲ့အချိန် သတိရတာပေါ့။
ဒါပေမယ့် အဲဒီပစ္စည်းတွေကနေ အဖေကျေနပ်လောက်တဲ့ အငြိမ့်တွေ၊ ဇာတ်တွေ၊ ဆိုင်းတွေ မမြင် မကြားရနိုင်တော့တာလည်း အဖေ့ကို ပိုသတိရပြီးမျက်ရည်ကျ ဝမ်းနည်းလို့မဆုံးတော့။
ဆူးငှက်