နိုဝင်ဘာ ၂၁ – ၂၀၂၃
SN (VOM)
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျပ် ၃၈ သိန်းကျော်အထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် သုံးဆယ့်ငါးသိန်းရှစ်သောင်းခွဲဈေး ဖြစ်ပေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ကျပ် သုံးဆယ့်ခြောက်သိန်းဝန်းကျင်ကို ရောက်ရှိနေပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျပ် ၃၃ -၃၄ သိန်းကျော် ဝန်းကျင်မှာ ရှိခဲ့ပြီး တလလုံး ဈေးတွေ အေးစက်တည်ငြိမ်နေခဲ့ပေမယ့် အခု နိုဝင်ဘာလအတွင်းမှာတော့ ၂ ရက်နေ့ကစလို့ ဈေးကွက်အတွင်း အလှုပ်အခတ်တွေ ဖြစ်ပေါ်နေပြီး ဈေးအတက်အကျမငြိမ် ဖြစ်နေပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တယောက်က “ဈေးတွေကတော့ မငြိမ်ပါဘူး။ ဒီလိုပဲ ကောလဟာလတွေထွက်လိုက်၊ ဘဏ်ကိစ္စတွေ ဖြစ်လိုက်၊ နယ်စပ်ကိစ္စတွေ ဖြစ်လိုက်နဲ့ဆိုတော့ ဈေးတွေကတော့ တက်လိုက်၊ ကျလိုက် ဖြစ်နေတာပါပဲ။ဈေးကွက်အနေအထားက မှန်းရတော့ တော်တော်ခက်တဲ့အနေအထား၊ ဘယ်လိုဖြစ်မလဲ ပြောရခက်ပါတယ်။ အရောင်းအဝယ်တွေလည်း ပါးတယ်၊ အရောင်းအဝယ် သိပ်မကောင်းဘူး” လို့ ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ နိုဝင်ဘာ ၂ ရက်နေ့မှ စတင်ကာ ၃၅ သိန်းကျော်ကို မြင့်တက် ရောက်ရှိခဲ့ပြီးနောက် ၁၃ ရက်အကြာနိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ကျပ် ၃၆ သိန်းကျော်ဝန်းကျင်ကို ထပ်မံ မြင့်တက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ့နောက် နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ ကျပ် ၃၈ သိန်းကျော်ကို ရောက်ရှိခဲ့ပြီး ၁၉ ရက်နေ့မှာတော့ ၃၇ သိန်းကျော်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့ကာ ၂၀ ရက်နေ့မှာတော့ ၃၆ သိန်းကျော်ဝန်းကျင်ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ ၂၁ ရက်မှာတော့ ၃၅ သိန်းကျော်၊ ၃၆ သိန်းဝန်းကျင်ဈေး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
“ဘဏ်တွေမှာ ငွေထုတ်တဲ့ပြဿနာပေါ့နော်။ အဲ့ဒီ့ ဂယက်လည်းထတယ်။ လူတွေ စုပြုံပြီးထုတ်ကြတယ်။ ထုတ်လို့ရတဲ့ငွေတွေနဲ့တချို့လည်း ရွှေလာဝယ်တာတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့နော်။ တချို့လည်း ငွေထုတ်လို့မရကြဘူးပေါ့၊ အဲ့ဒီ့ ပြဿနာလေးတွေတော့ ရှိပါတယ်။
လက်ရှိလည်း ဘဏ်တွေက လိုသလောက် မထုတ်ပေးသေးဘူး၊ နည်းနည်းပဲ ထုတ်ပေးသေးလို့တော့ ပြောတယ်။ အဲ့ဒီ့ ဂယက်တွေကြောင့် ရွှေဈေးက အတက်အကျမငြိမ် ဖြစ်နေတာ” လို့ သူက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ တအောင်စ ၁၉၉၁ ဒေါ်လာ ဖြစ်ပေါ်နေပြီး ပြည်တွင်းရွှေဈေး ၃၈ သိန်းကျော်ဝန်းကျင် ရောက်ခဲ့စဉ် နိုဝင်ဘာ ၁၇ ရက်နေ့က ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၁၉၈၃ ဒေါ်လာသာ ရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ တဒေါ်လာ ၃၄၆၅ ကျပ်ဝန်းကျင်ဈေး ရောက်ရှိနေပြီး နိုဝင်ဘာ ၁၇ရက်နေ့ကတော့ တဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်တွင်းရွှေဈေး တည်ငြိမ်မှုမရှိ ဖြစ်နေတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကတော့ ရွှေစျေးဖွင့်သူ၊ ရွှေကို စျေးဆွဲတင်၊ ဆွဲချပြုလုပ်ပြီး ကစားသူ၊ လမ်းကြောင်းလုပ်သူတွေကို ထိရောက်စွာ ဖေါ်ထုတ် အရေးယူသွားမှာ ဖြစ်သလို ကောလဟာလတွေ ထုတ်လွှင့်ပြီး ရွှေဈေးနှုန်း မြင့်တက်လာအောင်လုပ်သူတွေနဲ့ ရွှေရောင်းချရာမှာ Facebook နဲ့ Viber အသုံးပြုပြီး အရောင်းအဝယ်လုပ်တွေကို ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန် ကြောညာထားပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက တကျပ်သား ကျပ် ၁၃ သိန်းကျော်ဝန်းကျင်သာ ရှိခဲ့ပြီး လက်ရှိမှာတော့ ရွှေဈေး ၃ ဆကျော်မြင့်တက်နေသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။
#voiceofmyanmar #VOM #ပြည်တွင်းရွှေဈေး