နိုဝင်ဘာ ၃၀ – ၂၀၂၃
SN (VOM)
လက်ရှိမှာ အိမ်သုံးဂက်စ် (LPG) ဖြန့်ဖြူးတဲ့ ကုမ္ပဏီအများစု အရောင်းရပ်ဆိုင်းနေတာကြောင့် လက်လီရောင်းချသူတွေမှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
နယ်စပ်ဒေသအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို ငွေဈေးမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် အိမ်သုံးဂက်စ်တွေ ဈေးမြင့်တက်နေပြီး ပစ္စည်းပြတ်လပ်နေတာဖြစ်တယ်လို့ ဂက်စ်ဆိုင်လုပ်ငန်းရှင်တွေနဲ့ လက်လီအရောင်းဆိုင်ရှင်တွေက ပြောပါတယ်။
“ဂက်စ်က အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ၁၀ လုံးမှာရင် ငါးလုံးလောက်ပဲရတော့တယ်။ ဆိုင်တွေမှာလည်း လက်ကျန်နည်းနေပြီ။ အများနဲ့ ဖြစ်တာဆိုတော့ လက်ထဲရှိတဲ့သူတွေက ထိန်းရောင်းနေတာပေါ့။ ဝယ်သူလိုသလောက် ရောင်းပေးလို့လည်း မရတော့ဘူး။ ကိုယ့်ဆီမှာ ယူနေတဲ့ဖောက်သည်တွေကိုပဲ ဦးစားပေးအနေနဲ့ မျှရောင်းနေရတယ်။ တခြားက လာဝယ်တဲ့သူတွေကို ဘယ်လိုမှ ရောင်းပေးလို့ မရတော့ဘူး။ ဈေးကလည်း ထပ်တက်လာမလား မသိဘူး” လို့ မြောက်ဒဂုံမြို့နယ်က ဂက်စ်ဆိုင်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဈေးကွက်အတွင်း အရင်က ဂက်စ်ဘူး အသေးတဘူး ၁၀၀၀ ကျပ် ဖြစ်သော်လည်း လက်ရှိမှာ ၁၂၀၀ ကျပ် ဖြစ်နေပြီး ပိဿာဈေးကတော့ အရင် တပိဿာ ၆၀၀၀ ကျပ်ကနေ လက်ရှိ ၆၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကာ နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ အိမ်သုံးဂက်စ် ဝယ်ယူဖို့ခက်ခဲတာဟာ အခု နိုဝင်ဘာလထဲမှာ ပိုမိုဆိုးရွားလာတာဖြစ်ပြီး စိတ်ကြိုက် ဝယ်ယူနိုင်တဲ့ အခြေအနေကနေ ဆိုင်အလိုက် ခွဲတမ်းစနစ်နဲ့ ဝယ်ယူခဲ့ရပြီးနောက် လက်ရှိမှာ ပစ္စည်းပြတ်လပ်တဲ့ အခြေအနေထိ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။
“ဂက်စ်က အရင်က တအိုးကို နှစ်ပိဿာခွဲ အပြည့် ဝယ်လို့ရတယ်။ အခု တပိဿာပဲ ဆိုင်က ရောင်းပေးတော့တယ်။ တခြားသူတွေကိုလည်း မျှရောင်းနေရလို့ပါလို့ ပြောတယ်။ ဒိုင်တွေ၊ ကုမ္ပဏီတွေမှာလည်း ပစ္စည်းတွေပြတ်နေတာဆိုတော့ ဝယ်လို့မရဘူးလို့လည်း ဆိုင်က ပြောတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ သုံးစွဲနေတဲ့ အိမ်သုံးဂက်စ်အများစုကို ထိုင်းနိုင်ငံက တင်သွင်းရောင်းချတာဖြစ်ပြီး လက်ရှိမှာ ထိုင်းဘတ်ငွေလဲလှယ်နှုန်း မြင့်တက်နေသလို ဒေသတွင်း မငြိမ်သက်မှုတွေကြောင့် ဂက်စ်တင်သွင်းမှုလျော့ကျခဲ့ပြီး လက်ကျန် နည်းနေတဲ့အတွက် ဈေးနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ ဂက်စ်တင်သွင်းရောင်းချသူတွေက ပြောပါတယ်။
လက်ရှိမှာ ထိုင်းဘတ် တဘတ်ကို မြန်မာငွေ ၉၈ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်လျက်ရှိကာ နိုဝင်ဘာ ပထမပတ်ကတော့ တဘတ်ကို ကျပ် ၉၀ ဝန်းကျင်ဈေး ရှိခဲ့တာဖြစ်ပြီး ငွေဈေး အတက်အကျ မငြိမ်မှုတွေလည်း ဖြစ်ပေါ်နေသလို ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအများစုက ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ကုမ္ပဏီကြီးတွေကလည်း LPG တင်သွင်းမှု လျှော့ချလိုက်တာဖြစ်မယ်။ တင်သွင်းခွင့် ခွဲတမ်းရတာလည်း နည်းသွားတယ်။ အဲ့ဒါကြောင့် ပစ္စည်းတွေပြတ်ပြီး ရှိတဲ့ပစ္စည်းက ဈေးကြီးကုန်တာ။ ဈေးကွက်ထဲမှာလည်း ပစ္စည်းက သိသိသာသာနည်းသွားတယ်” လို့ မီးဖိုချောင်သုံးဂက်စ် လက်လီလက်ကား ရောင်းချသူတယောက်က ပြောပါတယ်။
အဲ့ဒီ့ ဂက်စ်တွေကို အိမ်သုံးသာမက စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာလည်း အသုံးပြုကြပြီး အိမ်သုံးဂက်စ်တွေကို ပြည်တွင်းမှာ ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတချို့မှာ ထုတ်လုပ်နိုင်ပေမယ့် အသုံးမခံတဲ့အတွက် စျေးကွက်အတွင်း ဝေစုအနည်းငယ်သာရရှိပြီး အများစုမှာ ထိုင်းနိုင်ငံကတင်သွင်းတဲ့ ဂက်စ်တွေကိုသာ အသုံးပြုကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း အခုလိုမျိုး မီးဖိုချောင်သုံး (LPG) ဂက်စ် ပြတ်လပ်လို့ ဈေးတက်ခဲ့ဖူးပြီး တပိဿာကို ကျပ် ရှစ်ထောင်ဝန်းကျင်အထိ ဈေးအမြင့်ဆုံး ရောက်ရှိသွားခဲ့ကာ နောက်ပိုင်းမှာ တဖြည်းဖြည်း ဈေးနှုန်းပြန်လည် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
Related posts
-
မိတ္တီလာမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား ၊ ကျူးလွန်သူတွေကို ပြည်သူတွေဖမ်းဆီးပြီး ရဲလက်အပ်
ဒီဇင်ဘာ ၃၀ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်... -
စမ်းချောင်းမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီး လူသုံးယောက်ဒဏ်ရာရ ၊ ကားသုံးစီးပျက်စီး
ဒီဇင်ဘာ ၃၀ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာ... -
ပုဂံ-ချောက် ကားလမ်းဘေး လယ်ယာသုံးနဲ့အိမ်ဆောက်ပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ လူနှစ်ယောက်သေ
ဒီဇင်ဘာ ၂၇ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးက ကြအိုကျွန်းရွာမှာရှိတဲ့...