မြိုင်မြို့နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရ

မေ ၂၅ – ၂၀၂၆
SN (VOM)
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်က လေကြောင်းကနေ ထပ်မံ အင်အားဖြည့်တင်းပြီး မြိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ တောတောင်တွေနဲ့ ဘေးလွတ်မယ်ထင်တဲ့ အနီးအနားက ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“မိုးရာသီလည်း ရောက်လာပြီဆိုတော့ စစ်ရှောင်တွေ အမိုးအကာအောက်ရောက်ဖို့၊ ယာယီတဲတွေဆောက်ဖို့ အရေးတကြီး လိုတယ်။ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ ဖျားနာပျောက်ဆေးလိုမျိုး ဆေးဝါးတွေလည်း လိုတယ်။ ရေရှားပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတာဆိုတော့ ရေသန့်တွေလည်း လိုပါတယ်။ ဒါပေမယ့် အစိုးရတပ်က ဒီ ပခုက္ကူခရိုင်ထဲမှာ ‘ဖြတ်လေးဖြတ်’ ဗျူဟာနဲ့ ပိတ်ဆို့ထားတာဆိုတော့ စစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်နိုင်ဖို့က တော်တော်လေး အကျပ်ရိုက်နေရတဲ့ အခြေအနေပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက မြိုင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြို့မရဲစခန်းနဲ့ မြို့မဈေးတို့မှာ အခိုင်အမာ တပ်စွဲထားပြီး ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ မြို့နဲ့ ၁ မိုင်ခွဲခန့် အကွာအဝေးအထိ စစ်ရေးအရ ဖြန့်ကျက်ကာ မြို့ကို ဝိုင်းရံပိတ်ဆို့ထားနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်ဟာ လက်ရှိမှာ မြိုင်မြို့တောင်ဘက် ၄ မိုင်အကွာရှိ အမှတ် (၃) တပ်မတော် အကြီးစားစက်ရုံ (တစခ – ၃) ကို ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ရဟတ်ယာဉ်တွေ၊ Y-8 ထောက်ပို့လေယာဉ်တွေနဲ့ စစ်လက်နက်နဲ့ ရိက္ခာတွေ ပုံမှန် ဖြည့်တင်းလျက် ရှိတယ်လို့ သူက ပြောပါတယ်။
“အခုက မြိုင်နယ် အနောက်တောင်ပိုင်းရော၊ တောင်ပိုင်းတွေရော စစ်ရှောင်နေရတဲ့ အခြေအနေပါ။ အစိုးရစစ်ကြောင်းတွေက အချိန်မရွေး ဝင်ရောက်လာနိုင်ခြေ ရှိနေတာကိုး။ မြိုင်နယ်ထဲကရော၊ အဲဒီအနီးအနားမှာရှိတဲ့ ဒေသခံတွေရော အိုးအိမ်စွန့်ခွာနေရတာ” လို့ သူက ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း အစိုးရတပ်ရဲ့ အမာခံနယ်မြေဖြစ်တဲ့ မြိုင်မြို့ရဲ့ အနောက်ဘက် ၁၃ မိုင်၀န်းကျင်အကွာက ပြည်သူ့စစ် အားကောင်းတဲ့ သရက်ကန်ကျေးရွာကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ မေ ၂၃ ရက်၊ မနက် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒီကနေ့ မေ ၂၅ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ မြိုင်မြို့နယ်အတွင်း မေ ၂၂ ရက်မှ စတင်ကာ ‘တမာမြေစစ်ဆင်ရေး’ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနောက် သရက်ကန်ကျေးရွာကို ရရှိခဲ့တာမှာ တိုက်ပွဲအတွင်း ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ခြောက်လက်၊ လက်လုပ် တလက်နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်း ရရှိခဲ့တဲ့အပြင် သရက်ကန်ရွာထဲက ဒေသခံ ၄၉ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် လက်ရှိအချိန်မှာ ဒေသတွင်း စစ်ရေး ပြင်းထန်လာနိုင်တဲ့အတွက် သရက်ကန်ကျေးရွာကို အိမ်ပေါက်စေ့၊ လမ်းတိုင်းအပြည့် တိုက်မိုင်းနင်းမိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာခြင်းတွေ မပြုလုပ်ကြဖို့ လက်နက်ကိုင်တပ်တွေက အသိပေးထားပြီး အစိုးရတပ် တာဝန်ရှိသူတွေဘက်ကတော့ လက်ရှိ မြိုင်မြို့နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW