လာမယ့်နှစ်အစောပိုင်းမှာ မြောက်ကိုရီးယားက ရန်စမှုတွေလုပ်နိုင်ခြေမြင့်မားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး သတိပေး

 

ဆိုးလ်၊ ဒီဇင်ဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စစ်ရေးရန်စမှုတွေ လုပ်ဆောင်နိုင်ခြေမြင့်မားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက သတိပေးပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ လာမယ့်နှစ်အစောပိုင်းမှာ တောင်ကိုရီးယားကို တုန်လှုပ်ခြောက်ခြားသွားစေမယ့် အစီအမံတွေ ပြင်ဆင်ထားဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

ဒါပေမယ့်လည်း ဒီအမိန့်ကို ကင်ဂျုံအန်က ဘယ်အချိန်က ပေးခဲ့တယ်ဆိုတာ အသေးစိတ် ပြောဆိုမထားပါဘူး။ တောင်ကိုရီးယားထောက်လှမ်းရေးအဖွ့ဲရဲ့ အကဲဖြတ်ချက်အရ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေဟာ ဧပြီလမှာ ကျင်းပမယ့် တောင်ကိုရီးယားအထွေထွေရွေးကောက်ပွဲနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမတိုင်ခင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် တောင်ကိုရီးယားရွေးကောက်ပွဲမတိုင်ခင် လအနည်းငယ်အလိုကလည်း မြောက်ကိုရီးယားဟာ စတုတ္ထမြောက် နျုကလီးယားစမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှုတွေ အပါအဝင် ရန်စတဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ထောက်ပြထားပါတယ်။

ကင်ဂျုံအန်ရဲ့အမိန့်ကို တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက လူသိရှင်ကြား ထုတ်ပြန်တာဟာ ထူးဆန်းနေပြီး ဒါဟာ ထောက်လှမ်းရေးအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ပြသခြင်းဖြင့် မြောက်ကိုရီးယားရဲ့ ပြင်းထန်တဲ့ ရန်စမှုတွေကို ဟန့်တားဖို့ရည်ရွယ်ပုံရကြောင်း တောင်ကိုရီးယားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW