မင်းပြားရှိ နစက တပ်ရင်းအားလုံးကို AA သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်

 

ဖေဖော်ဝါရီ ၆ – ၂၀၂၄

SN (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ နစကတပ်ရင်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ညပိုင်းက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရခိုင်ဘက်က လာတဲ့သတင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့မှာ နစကရဲ့ ခမရ (၃၈၀)၊ ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တပ်ရင်းတို့ရှိပြီး အဲ့ဒီ့ တပ်ရင်းတွေထဲက ခမရ (၃၈၀) ကို AA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ သိမ်းပိုက် ရရှိခဲ့ပြီးဖြစ်ကာ ဆက်လက်ပြီး ကျန်ရှိနေတဲ့ တပ်ရင်းနှစ်ခုကိုလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“နစကဘက်က ဒဏ်ရာ ရတဲ့သူတွေများတယ်။ ခမရ- ၃၇၉ က တပ်ရင်းမှူးလည်း ဒဏ်ရာရထားတယ်ကြားတယ်။ ဒီမနက်ကျတော့ အားလုံး အညံ့ခံကြတယ်။ ခမရ- ၃၇၉ က တပ်ရင်းမှူးရော၊ ခမရ-၅၄၁ က တပ်ရင်းမှူးရော၊ အရာရှိစစ်သည်တွေ၊ တပ်ဖွဲ့ဝင်တွေ စုစုပေါင်း လူ ၁၀၀ နီးပါးလောက်ရှိမယ်။ နောက် တပ်မိသားစုဝင်တွေရော၊ မင်းပြားမြို့ပေါ်က စစ်ဘက်ဆိုင်ရာဌာနတွေက အရာရှိတွေလည်းပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်၊ မနက်ပိုင်းမှာတော့ နစကတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို AA က ကားအကြီး လေးစီးနဲ့ ရွှေ့ပြောင်းပေးနေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလို ခမရ (၃၇၉) နဲ့ (၅၄၁) တို့ကို အပြီးသတ် သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့မှာ သီးခြား သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် အဲ့ဒီ့ မင်းပြားမြို့ထဲမှာ နစကရဲ့ ကျိန်းတောင်စခန်းနဲ့ တိုင်းဗဟို အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့လည်း ရှိပြီး ကျိန်းတောင်စခန်းကိုတော့ AA က ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက သိမ်းယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် လက်ရှိ မင်းပြားမြို့ထဲမှာ နစကရဲ့ တိုင်းဗဟို အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၉) တခုသာကျန်ရှိမှာဖြစ်ပြီး အဲ့ဒီ့ကျောင်းက အရာရှိတွေ၊ အရာရှိမိသားစုဝင်တွေနဲ့ သင်တန်းသားတွေဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက စစ်တွေမြို့ပေါ်ကို Mi -17 ရဟတ်ယာဉ်နဲ့ ပြောင်းရွှေ့သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နစကရဲ့ ကျောက်တော်အခြေစိုက် အမှတ် (၃၇၆) ခြေမြန်တပ်ရင်း (ခမရ ၃၇၆) နဲ့ မြောက်ဦးမြို့အခြေစိုက် အမှတ် (၃၇၈) ခြေမြန်တပ်ရင်း (ခမရ ၃၇၈) တို့ကိုလည်း AA က အပြီးသတ် သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့ ဖေဖော်ဝါရီလ ၅ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ့ တပ်ရင်းတွေဟာ နစကရဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၉) လက်အောက်ခံတွေ ဖြစ်ကြပြီး ခမရ (၃၇၆) ကို ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာလည်းကောင်း၊ ခမရ (၃၇၈) ကို မနေ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှာလည်းကောင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စစ်ရေး‌အခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo :Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW