မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း မြေမြုပ်မိုင်း ပေါက်ကွဲမှုတွေ အဖြစ်များ

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄
SP (VOM)

ဒီရက်ပိုင်းအတွင်း မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေ အဖြစ်များနေပြီး အဲ့ဒီ ဖြစ်စဥ်တွေကြောင့် အရပ်သားတွေ ထိခိုက် သေဆုံး ၊ ဒဏ်ရာရတာ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်းက ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ မြောက်ခင်ရန်းရွာနားမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့စစ်ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီး မိသားစု တစု မိုင်းထိတယ် ၊ ခြေတောက်တွေ နှစ်ဖက်စလုံးပြတ်သွားတယ် ၊ အဲ့ဒီရွာနားမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ လေးဦးနဲ့ ကိုယ်ခန္ဓာပြတ်တောက် ဒဏ်ရာရသူ ၁၁ ဦးရှိတယ် ၊ အဲ့ဒီ အပြင် ဆိပ်ဖြူမြို့နယ် ၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ဘက်တွေမှာ တောင်သူလုပ်ငန်းခွင် သွားရာကနေ မြေမြုပ်မိုင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးသူတွေရှိတယ် ၊ အဲ့ဒီလို ထိခိုက်သေဆုံးသူ အများစုဟာ စစ်ရေးနဲ့ မပတ်သက်ဆိုင်တဲ့ အရပ်သားတွေ ဖြစ်တယ် “လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဘက်က ဒေသခံတယောက်က ” ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်ထဲမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ဒီရက်ပိုင်း များလာတယ်၊ တောတောင်တွေမှာ အလုပ်သွားလုပ်ရင်း ဖြစ်တာက များတယ် ၊ အဲ့ဒီလို မိုင်းထိမှန်လို့ ခြေပြတ်တဲ့ လူနာတွေဟာ ရွှေဘို ဆေးရုံနဲ့ မန္တလေးဆေးရုံတွေမှာ ဆေးကုသနေကြတယ် ၊ ဒီနှစ်ထဲမှာ စစ်ကိုင်းတိုင်း တတိုင်းလုံး အတိုင်းအတာနဲ့ မိုင်းထိသူ ၃၀ ကျော်ရှိတယ်လို့ သိရတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ ဒီကနေ့အထိဆိုရင် စစ်ကိုင်းတိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်စဥ် နှစ်ထောင်ကျော်ရှိပြီး အဲ့ဒီထဲက သေဆုံးသူ နှစ်ရာ့သုံးဆယ်ကျော်ရှိပါတယ် ၊ အဲ့ဒီ သေဆုံးသူတွေထဲ ကလေးသူငယ် လေးပုံ တပုံ ပါဝင်တယ် ၊ မိုင်းပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ တထောင်ကျော်တယ် ” လို့ ပြောပါတယ်။

မြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitor က ထုတ်ပြန်ချက်အရမြန်မာနိုင်ငံတစ်ဝှမ်း နေပြည်တော်မှလွဲလို့ ၊ ကျန် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေ တတ်သော စစ်အကြွင်းကျန် ပစ္စည်းတွေ ပေါက်ကွဲတာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးရပြီး ၂၀၀၇ ကနေ ၂၀၂၂ အထိ မှတ်တမ်းများအရ ရှမ်းပြည်နယ်မှာ ၂၆.၅၅ ရာခိုင်နှုန်းနဲ့ ကချင်ပြည်မှာ လူဦးရေ ၂၁.၈၂ ရာခိုင်နှုန်း ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ဖော်ပြချက်တွေထဲမှာ သေဆုံးသူအများစုက အရွယ်ရောက်ပြီးသူ အမျိုးသားများ ၅၉ ရာခိုင်နှုန်းဖြစ်ပြီး ၊ ကျား/မ ခွားခြားမရနိုင်တဲ့ အခြား ၂၃ ရာခိုင်နှုန်း၊ ကလေးသူငယ် ၁၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၈ ရာခိုင်နှုန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ VOM

Related posts

Leave a Comment

VOM News

FREE
VIEW