ကိုရီးယားကို EPS စနစ်နဲ့ မိန်းကလေးတွေပါ သွားရောက်လုပ်ကိုင်နိုင်ပြီ

 

ရန်ကုန် ၊ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၄

GG (VOM)

ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံက အမျိုးသား အလုပ်သမားအပြင် ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး အမျိုးသမီးတွေပါ စတင်ပြီး အလုပ်သွားရောက်လုပ်ကိုင်နိုင်ပြီဖြစ်တယ် လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သိရပါတယ်။

ကိုရီးယားနိုင်ငံက သူတို့နိုင်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာလုပ်သားခေါ်ယူမှုကို ခုနှစ်မှာ ထပ်တိုးခေါ်ယူလာတာကြောင့် အမျိုးသမီးတွေပါ စာမေးပွဲဖြေဆိုပြီး ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရရှိလာတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် မြန်မာ အမျိုးသမီးတွေအနေနဲ့ လက်ရှိ ၂၀၂၄ ခုနှစ်မှာ ပြုလုပ်မယ့် ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ကြောင်း၊ ပထမအသုတ် စာမေးပွဲက ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဖြစ်ပြီး ဒုတိယအသုတ်စာမေးပွဲက မေလ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ဖြစ်တယ်လို့သိရပါတယ်။

” ခုနှစ်တွေ မိန်းကလေးတွေပထမဆုံး ခေါ်တာပေါ့။ကိုရီးယားနိုင်ငံရဲ့လုပ်သားလိုအပ်ချက်အရ မိန်းကလေးတွေပါလုပ်ခွင့်ရမယ်။ဝန်ဆောင်မှုလုပ်ငန်းကတော့ မီးဖိုချောင်အကူ ၊ ဟိုတယ်လုပ်ငန်း ၊ စားသောက်ဆိုင်၊ဆေးရုံ၊ သန့်ရှင်းရေအကုန်ပါတာပေါ့။အခုက စာမေးပွဲက အချိန်ကပ်နေပြီဆိုတော့ ခုမှစမယ့်သူတွေကတော့ ပတ်စ်ပို့ရဖို့နဲ့ စာတွေလိုက်နိုင်ဖို့က မမှီတော့ဘူး၊ကိုရီးယားအခြေခံရှိထားသူတွေ လောက်ပဲ မှီဖို့များတယ် ၊နောက်ပြီး မိန်းကလေးက ဆယ်တန်းအောင်မှလျှောက်လို့လည်းရမယ် ” လို့ ကိုရီးယားဘာသာသင်တန်းကျောင်းတစ်ခုမှ တာဝန်ရှိသူတယောက်ကရှင်းပြပါတယ်။

၁၆ကြိမ်စာမေးပွဲမှာ ခေါ်ယူမယ့် မြန်မာလုပ်သားအရေအတွက်ကတော့ ကုန်ထုတ်လုပ်ငန်းအတွက် ၉၆၁၇ ယောက်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ၂၃၃ ယောက်၊

ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၁၈၂ ယောက်၊ အမျိုးသမီးတွေ လျှောက်ထားနိုင်တဲ့ ဝန်ဆောင်မူလုပ်ငန်း (၁) အတွက်က ၇၀ ယောက်၊ ဝန်ဆောင်မှု (၂) အတွက်က ၃၃၀၆ ယောက် ခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။

” ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွဲတမ်းများပါတယ်။ ဦးရေ သုံးထောင့်သုံးရာကျော် ခွဲတမ်းရပါတယ်။ အုပ်စု (၁) နဲ့ အုပ်စု (၂) က သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် ကွဲသွားတဲ့ သဘောပါပဲ။ ဝန်ဆောင်မှုလုပ်ငန်းအတွက်က အောင်သွားရင်တောင် မွမ်းမံသင်တန်းကို HRD က ထပ်ပေးဦးမှာပါ၊နောက်ပြီး အခြေခံပညာအထက်တန်းအောင်ရမယ်ဆိုတာက ဆယ်တန်းအောင်ရမှာပါ။ ကိုးတန်းအောင်ရုံနဲ့မရပါဘူး။ နိုင်ငံရပ်ခြား သွားရမယ့် မိန်းကလေးတွေက အနည်းဆုံးတော့ ထိုက်သင့်တဲ့ တွေးခေါ်စဉ်းစားနိုင်မဲ့ ပညာရည်ချိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ် ” လို့ ကိုရီးယားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်မှုနဲ့ပတ်သက်လို့ နားလည် ကျွမ်းကျင်သူတယောက်ကပြောပါတယ်။

ကိုရီးယားကို အလုပ်သွားရောက်လုပ်မယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းဖြစ်ဖို့လိုအပ်သလို ထောင်ကျဖူးသူ ၊ ပြည်ပကိုထွက်ခွာခွင့်တားမြစ်ခံထားရသူတွေ မဖြစ်ဖို့လိုကြောင်း ၊ ကျန်းမာရေးကောင်းမွန်သူ၊ အရောင်ကောင်းစွာခွဲခြား သိမြင်နိုင်သူဖြစ်ဖို့လိုအပ်ပါတယ်။

စာမေးပွဲမှတ်ပုံတင်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာ ပေးသွင်းရမှာဖြစ်ပြီး မြန်မာငွေနဲ့လည်း ပေးသွင်းနိုင်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ကိုရီးယားနိုင်ငံကို EPS TOPIC စနစ်နဲ့ မြန်မာလုပ်သား အမျိုးသားဦးရေ ထောင်နဲ့ချီပြီး စေ လွှတ်ထားကြောင်း ၊ ကိုရီးယားကို အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် စာမေးပွဲအောင်မြင်ထားပြီးသူအများအပြားကလည်း အလုပ်သွားရောက်လုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေကြတာရှိပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW