ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုခက်ခဲလာနေပြီး ကားသမားတွေဟာ ရှေ့ဆက်မသွားရဲလို့ လမ်းပိုင်းတချို့မှာ ယာယီတိုက်ပွဲခိုလှုံနေရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ လေးငါးနေရာလောက် လမ်းပိုင်းဖြတ်တောက်ထားတယ် ၊ နောက်ပြီး မန္တလေး – ဗန်းမော် ကားလမ်း သပိတ်ကျင်းနယ် တကောင်းကနေ မဘိမ်းမြို့နယ် ငါးအိုးဘက်အထိ လမ်းပိုင်းပိတ်ထားတယ် ၊ အဲ့ဒီ အပြင် ထီးချိုင့် – အင်းတော်လမ်းပိုင်းလည်း ပိတ်ထားတယ်၊ အင်းတော် – မိုးညှင်း လမ်းပိုင်းက မော်လူးမြို့နယ်ခွဲက ပိတ်ထားတယ် ၊ ဒါ့အပြင် ကျောက်တန်း – ကောလင်း – ဝန်းသို – ပင်လည်ဘူး – ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ ကောလင်း လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ကားသမားတွေမှာ ရောက်တဲ့နေရာတွေမှာ ခိုလှုံနေရတယ် ၊ အထူးသဖြင့်ကတော့ ကုန်ကားတွေနဲ့ လုပ်ငန်းသုံးယာဉ်တွေ ပေးမဖြတ်ဘူး ၊ ရွှေဘို မြစ်ကြီးနား ဗျူဟာလမ်းပေါ်က စပယ်နံ့သာရွာနဲ့ မဲဇာတောင်မှာ ကားအစီးရေ နှစ်ရာကျော်လောက်ပိတ်မိနေတယ် ” လို့ ပြောပါတယ်။
မုံရွာ မြစ်ကြီးနား ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ” ဖေဖော်ဝါရီ ၂၃ ရက်က မြစ်ကြီးနားဘက်ကို ထွက်သွားတဲ့ ကုန်ကားတွေဟာ ရွှေဘို မြစ်ကြီးနား ကားလမ်း ၊ ကန့်ဘလူလမ်းခွဲ စပယ်နံသာ ရွာနဲ့ ဘောရွာနားကနေ အတက်ကားတွေ ပိတ်ထားတယ် ၊ အဆင်းကားတွေကတော့ မဲဇာတောင်ပေါ်ကနေ ပိတ်ထားတယ် ၊ လမ်းပိတ်ထားတာ လေးငါးရက်ရှိပြီ ၊ ကုန်ခြောက်ကုန်တွေက မိုးလေစိတ်မချရဘူး ၊ နောက်ပြီး ကုန်းစိမ်းတွေက ပုပ်သိုးပျက်စီးကုန်ပြီ ” လို့ ပြောပါတယ်။
ကလေးဝမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ထဲမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့ မုံရွာ ၊ တန့်ဆည် ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး လမ်းပိုင်းမှာလည်း ပိတ်ဆို့ခံရတယ်လို့ သိရပါတယ်။
ကလေးမြို့နယ်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ကလေး ၊ ဖလမ်း ၊ တီးတိန် လမ်းပိုင်းနဲ့ ကလေး ၊ တမူး လမ်းပိုင်းမှာ ပိတ်ထားတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း မုံရွာ ၊ မန္တလေး ကားလမ်းနဲ့ မုံရွာ ၊ ရေစကြို ၊ ပခုက္ကူကားလမ်းပေါ်မှာ မိုင်းအလုံး နှစ်ရာနီးပါး တွေ့ရလို့ နစက လုံခြုံရေးအဖွဲ့တွေက ဖယ်ရှားပေးခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ ကားသမားတဦး