မန္တလေးမြို့မှာ တက္ကသိုလ်(၁၆)ခုပါဝင်ပြီး အီလက်ထရောနစ်အားကစားပြိုင်ပွဲနဲ့ Cosplay Contest Anime ဇာတ်ကောင်အတိုင်း ဝတ်ဆင်ပြီး သရုပ်ဖော်ပြိုင်တဲ့ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် အောက်တိုဘာလ(၁၃) မှ (၁၄)ရက်ထိ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ မှာ နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။
အဲဒီပွဲကို Speed Gaming မှ ကြီးမှူး၍ ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်(၁၆)ခုကနေ အသင်း(၈၀)ကျော် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
” E sport သမား တစ်ဦးအနေနဲ့ ရပ်တည်ချင်တဲ့သူတွေလည်း ရှိပါတယ်၊ အဲလိုရပ်တည်ချင်တဲ့ လူငယ်တွေကို အခွင့်အလမ်း ရစေချင်တာရယ်၊နိုင်ငံတကာမှာ ဂိမ်းကစားတာကို E sport အီလက်ထရောနစ်အားကစားအဖြစ် သတ်မှတ်ပေးပြီး ပြိုင်ပွဲတွေ ကျင်းပပေးတယ်၊ လူကြီးတွေရဲ့ အမြင်ပြောင်းလဲလာအောင်ရယ်အတွက် အခုလို ဒီပွဲကို စီစဉ်ဖြစ်တာပါ” ဟု ပွဲကျင်းပရေးမှာ ပါဝင်သူ ကိုကောင်းသူရက ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆု Grand Champion(1st Prize) ကို ကျပ်(၁၀)သိန်း၊ ဒုတိယဆု Runner Up(2nd Prize) ကို ကျပ်(၅)သိန်း၊ တတိယဆု နှင့် စတုတ္ထဆုကို ကျပ်(၂)သိန်းခွဲ၊ ပဉ္ဓမဆု မှ အဋ္ဌမဆုကို ကျပ်(၁)သိန်းခွဲ ချီးမြှင့်မည်ဖြစ်ပြီး ပထမရရှိသော အသင်းကို Champion Trophy(ဒိုင်းဆု) နှင့် ဆုဆွဲပြားများ ချီးမြှင့်မှာ ဖြစ်ပါတယ်။
Cosplay Contest ပြိုင်ပွဲ ( ဂျပန်နိုင်ငံထုတ် Anime ဇာတ်ကားများ၏ ဇာတ်ကောင်များ) ၀တ်စားဆင်ယင်မှုပြိုင်ပွဲမှာလည်း ဆုကြေးငွေအဖြစ် ပထမဆု (၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု (၁)သိန်း စီ ချီးမြင့်ပေးသွားမှာပါ။
ပထမဦးဆုံးအကြိမ် ကျင်းပမယ့် Mandalay Universites Dota 2 Tournament (MUDT) ပြိုင်ပွဲ နှင့် Cosplay Contest Anime ပြိုင်ပွဲတွင် ကွန်ပျူတာများ၊ လက်တော့များ နှင့် ဂိမ်းနှင့်ဆက်စပ်ပစ္စည်းများကို အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။