မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ပထမအသုတ် ထိုင်းအစိုးရ ပေးပို့

ဘန်ကောက်၊ မတ်-၂၅-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပထမအသုတ်ကို မတ် ၂၅ ရက်မှာ စတင်ပေးပို့ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အကူအညီ ပထမအသုတ်အနေနဲ့ လူနှစ်သောင်းအတွက် ဆန်၊ အစာခြောက်နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့အိတ် လေးထောင်ကို ထိုင်းကြက်ခြေနီဖွဲ့ယာဉ်တန်းနဲ့ မဲဆောက်-မြဝတီ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဘက်ကို ပို့ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကူအညီတွေကို အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက စောင့်ကြည့်လေ့လာခဲ့တဲ့ ကရင်ပြည်နယ်ရှိ နေရာသုံးနေရာမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး တခြားနေရာတွေကို ပေးပို့ဖို့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကူညီမှုဟာ အာဆီယံအဖွဲ့ရဲ့ ကျောထောက်နောက်ခံပြုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြ ံတခုထူထောင်ဖို့ ထိုင်းနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်တဲ့အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူ ၂ ဒသမ ၆ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Ref:The Straits Times
Photo:Ministry of Foreign Affairs

Related posts

✕
VOM News

FREE
VIEW