မိတ္ထီလာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ သုံးထပ်တိုက်ပေါ်ကနေ Grade 12 ကျောင်းသူတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

မေ ၁၃ – ၂၀၂၄
SN (VOM)
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ သုံးထပ်တိုက်ပေါ်ကနေ မနေ့ မေ ၁၂ ရက်က Grade 12 ကျောင်းသူတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်၊ (၁) ရပ်ကွက်၊ရန်အောင်မြင်လမ်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မနေ့ မနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူဟာ အသက် ၁၈ နှစ်အရွယ်ဝန်းကျင် ကျောင်းသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။
“(၄) လွှာတိုက်ခန်း ဝရန်တာပေါ်ကနေ ခုန်ချခဲ့တာပါ။ ခုန်ချခဲ့တဲ့အရှိန်ကြောင့် ဒဏ်ရာတွေကတော့ တော်တော်ပြင်းတယ်။ သွေးတွေလည်း အများကြီးထွက်နေတာ။ ဆေးရုံကို ပို့နေတဲ့အချိန်မှာပဲ သွေးထွက်လွန်နေပြီ။ သူက အဲဒီကျောင်းကိုရောက်တာ ၁၀ ရက်လောက်ပဲ ရှိသေးတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ခုန်ချခဲ့တဲ့ ကျောင်းသူကို သက်ဆိုင်ရာ သင်တန်းတည်ထောင်သူက မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနကို ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် နေပြည်တော် ကုတင် (၁၀၀၀) ဦးနှောက်နဲ့ အာရုံကြောဌာနကို ဆက်လက်လွှဲပြောင်းခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် မနေ့ ညနေပိုင်းအချိန်မှာပဲ ဆေးကုသနေရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နယ်မြေခံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူကျောင်းသူရဲ့ ရုပ်အလောင်းကို နေပြည်တော်ဆေးရုံကြီး၊ ရင်ခွဲရုံမှ သူမ နေထိုင်ရာ မိတ္တီလာမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ ခံပင်အိုင့်ကျေးရွာနေအိမ်ကို လူမှုကူညီရေးအသင်းယာဉ်နဲ့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းခေါင်မိုးထပ်ပေါ်ကနေ ကျောင်းသူတယောက် ခုန်ချသေဆုံးခဲ့ပြီး သူမကို လိုက်လံကယ်ဆယ်ခဲ့တဲ့ ကျောင်းဆရာတယောက်ပါ ပြုတ်ကျ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW