MT(VOM)
သမိုင်းဆိုတာ မြစ်တစ်စင်းကဲ့သို့ပင် ဖြစ်သည်။ မည်သည့်နေရာက စတင်စီးဆင်းခဲ့သည်ဖြစ်စေ၊ လမ်းခရီးတစ်လျှောက်တွင် ကွေ့ကောက်ဖြတ်သန်းကာ နောက်ဆုံး၌ ပင်လယ်ပြင်ကြီးထဲသို့ အတူတကွ စီးဝင်ပေါင်းစပ်သွားကြစမြဲ ဖြစ်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းကြီး ဖြစ်သော အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး သမိုင်းကြောင်းသည်လည်း ထိုနည်းအတိုင်းပင်။ ပထဝီဝင်အနေအထားအရ တောင်တန်းကြီးများ၊ တောနက်ကြီးများ ခြားနေစေကာမူ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် နိုင်ငံရေး ရေစီးကြောင်းတို့က ကျွန်ုပ်တို့နိုင်ငံနှစ်ခုကို ရှေးပဝေသဏီကတည်းက ရေကြည်ရာမြက်နုရာ ချည်နှောင်ပေးခဲ့ကြသည်။
ရှေးဟောင်းဗုဒ္ဓခေတ်မှသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ထို့နောက် ဖဆပလခေတ်နှင့် စစ်အာဏာရှင်ခေတ်များကို ဖြတ်သန်းကာ မကြာသေးမီက ကုန်လွန်သွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေတ်အထိ အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အနိမ့်အမြင့်၊ အတက်အကျတို့ကို နိုင်ငံရေးရှူထောင့်မှ သုံးသပ်ကြည့်ပါမည်။
(၁) ရှေးခေတ်ကာလ ယဉ်ကျေးမှုရေကြည်နှင့် သံတမန်အစ
မြန်မာနှင့် အိန္ဒိယတို့၏ ဆက်ဆံရေးသည် နိုင်ငံရေးထက် ယဉ်ကျေးမှုနှင့် ဘာသာရေးက ပိုမိုဦးစီးခဲ့သည်။ အသောကမင်းကြီးလက်ထက် (ခရစ်တော်မပေါ်မီ ၃ ရာစု) တွင် သုဝဏ္ဏဘူမိ (သထုံပြည်) သို့ သောဏထေရ်နှင့် ဥတ္တရထေရ်တို့ ကြွရောက်လာပြီး ဗုဒ္ဓဘာသာကို သယ်ဆောင်လာခဲ့ခြင်းသည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အစောဆုံးနှင့် အခိုင်မာဆုံးသော အုတ်မြစ်ဖြစ်သည် [^၁]။
ထိုအချိန်မှစ၍ ပျူခေတ်၊ ပုဂံခေတ်တစ်လျှောက်လုံးတွင် မြန်မာတို့သည် အိန္ဒိယနိုင်ငံ (မဂဓတိုင်း၊ ဗာရာဏသီ) ကို ဘာသာရေးအရ “မဇ္ဈိမဒေသ” ဟု သတ်မှတ်ကာ မြတ်နိုးတန်ဖိုးထားခဲ့ကြသည်။
ပုဂံခေတ် အနော်ရထာမင်း၊ ကျန်စစ်သားမင်းတို့လက်ထက် ဗိသုကာလက်ရာများ၊ အက္ခရာစာပေများနှင့် ဓမ္မသတ်ကျမ်းများသည် အိန္ဒိယယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို ငြင်းကွယ်၍မရအောင် ပြသနေသည်။ပုဂံခေတ်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းသက်သက်သာဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုခြင်း၊ ကျူးကျော်ခြင်းဟူသော နိုင်ငံရေးပဋိပက္ခများ ကင်းဝေးခဲ့သည့် “ရွှေရောင်ခေတ်” ဟု ဆိုရပါမည်။
(၂)ကိုလိုနီခေတ်၏ ကံကြမ္မာတူ အကျဉ်းသားများ
ဗြိတိသျှနယ်ချဲ့တို့ ဝင်ရောက်လာချိန်တွင်မူ နှစ်နိုင်ငံလုံး၏ ကံကြမ္မာသည် ပြောင်းလဲသွားခဲ့သည်။ အိန္ဒိယကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြင့် သိမ်းပိုက်ကာ အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခု (Province of India) အဖြစ် သွတ်သွင်းခဲ့သည် [^၂]။
ဤနေရာတွင် နိုင်ငံရေးအရ အလွန်ဝမ်းနည်းစရာကောင်းသော ကံကြမ္မာအလှည့်အပြောင်းကို တွေ့ရသည်။
အိန္ဒိယ၏ နောက်ဆုံးမဂိုဧကရာဇ် ဗဟတ်ဒါရှား ဇဖား (Bahadur Shah Zafar) သည် ၁၈၅၇ စစ်ပွဲအပြီးတွင် ရန်ကုန်သို့ နယ်နှင်ဒဏ်ပေးခြင်း ခံရပြီး ရန်ကုန်မြေတွင်ပင် ကွယ်လွန်ခဲ့ရသည်။
မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်း သည်လည်း ၁၈၈၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။
ကိုလိုနီခေတ်အတွင်း အိန္ဒိယလူမျိုး အမြောက်အမြား မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာတို့အကြား “ကုလား-မြန်မာ အဓိကရုဏ်း” များကဲ့သို့သော လူမျိုးရေးပဋိပက္ခအမာရွတ်များ ကျန်ရစ်ခဲ့သော်လည်း၊ တစ်ဖက်တွင်မူ လွတ်လပ်ရေးကြိုးပမ်းမှု၌ အပြန်အလှန် လှုံ့ဆော်မှုများ ရှိခဲ့သည်။
အိန္ဒိယအမျိုးသားကွန်ဂရက် (INC) ၏ လှုပ်ရှားမှုများသည် ဒို့ဗမာအစည်းအရုံးနှင့် သခင်များအတွက် စံနမူနာဖြစ်ခဲ့သည်။ သခင်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ ရမ်ဂါ (Ramgarh) ၌ ကျင်းပသော အိန္ဒိယအမျိုးသားကွန်ဂရက်ညီလာခံသို့ တက်ရောက်ပြီး မဟတ္တမဂန္ဒီ၊ ဂျဝါဟာလာ နေရူး တို့နှင့် တွေ့ဆုံကာ နယ်ချဲ့ဆန့်ကျင်ရေး အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည် [^၃]။
(၃)လွတ်လပ်ရေးခေတ် သို့မဟုတ် ချစ်ကြည်ရေး ခေတ် (၁၉၄၈–၁၉၆၂)
လွတ်လပ်ရေးရပြီးစ ခေတ်ဦးကာလသည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အထွတ်အထိပ်ကာလ ဖြစ်သည်။ မြန်မာ့ဝန်ကြီးချုပ် ဦးနု နှင့် အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး တို့သည် မောင်နှမအရင်းကဲ့သို့ ရင်းနှီးချစ်ကြည်ကြသည်။
နိုင်ငံရေးအရ သုံးသပ်ရလျှင် ထိုခေတ်သည် “ဘက်မလိုက်ဝါဒ” (Non-Aligned Movement – NAM) ထွန်းကားခဲ့သည့် ခေတ်ဖြစ်သည်။ အရှေ့အုပ်စု (ဆိုဗီယက်) နှင့် အနောက်အုပ်စု (အမေရိကန်) တို့၏ စစ်အေးတိုက်ပွဲကြားတွင် မြန်မာနှင့် အိန္ဒိယတို့သည် တရုတ်နိုင်ငံနှင့်အတူ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံ (Bandung Conference) ကို ဦးဆောင်ကျင်းပကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ချမှတ်ခဲ့ကြသည် [^၄]။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး တောက်လောင်ပြီး ရန်ကုန်အစိုးရဟု အခေါ်ခံရသည့်အချိန်တွင် ဝန်ကြီးချုပ် နေရူးသည် ဝန်ကြီးချုပ်ဦးနုထံသို့ လက်နက်နှင့် ငွေကြေးအကူအညီများ ပေးအပ်ကာ ဖေးမခဲ့သည်။ ထိုစဉ်က ဆက်ဆံရေးသည် အပေးအယူစီးပွားရေးထက် “ကိုယ်ချင်းစာတရား” နှင့် “ဒီမိုကရေစီချင်းတူညီမှု” ပေါ်တွင် အခြေခံခဲ့သည်။
(၄) မဆလခေတ်မှ စစ်အစိုးရခေတ် – လမ်းခွဲခြင်းနှင့် ပထဝီနိုင်ငံရေးအကျပ်အတည်း(၁၉၆၂–၂၀၁၀)
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လျှောက်လှမ်းသောအခါ နှစ်နိုင်ငံဆက်ဆံရေးသည် ရုတ်ချည်းအေးစက်သွားခဲ့သည်။ မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွားများ၏ ပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်းခဲ့သဖြင့် အိန္ဒိယလူမျိုး သိန်းနှင့်ချီကာ နေရပ်ပြန်ခဲ့ကြရသည်။ မြန်မာသည် ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ပြီး အမှောင်ထုထဲသို့ ဝင်ရောက်သွားခဲ့သည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားသောအခါ အိန္ဒိယ (ထိုစဉ်က ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ အစိုးရ) သည် မြန်မာ့ဒီမိုကရေစီအရေးကို အပြည့်အဝ ထောက်ခံခဲ့သည်။ မြန်မာကျောင်းသားခေါင်းဆောင်များကို ခိုလှုံခွင့်ပေးခဲ့ပြီး၊ အိန္ဒိယအခြေစိုက် All India Radio (AIR) မှတစ်ဆင့် စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ အမြင့်ဆုံးဆုတစ်ခုဖြစ်သည့် “နေရူးငြိမ်းချမ်းရေးဆု” (Jawaharlal Nehru Award) ကိုပင် ပေးအပ်ခဲ့သည် [^၅]။
သို့သော် နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူမရှိ၊ ထာဝရအကျိုးစီးပွားသာရှိသည်ဟူသော စကားသည် မှန်ကန်လှပေသည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် အိန္ဒိယသည် မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို အလှည့်အပြောင်းကြီး ပြုလုပ်ခဲ့သည်။ အကြောင်းရင်းမှာ နှစ်ချက်ရှိသည်။
မြန်မာ့စစ်အစိုးရသည် တရုတ်နိုင်ငံဘက်သို့ လုံးလုံးလျားလျား ယိုင်နွဲ့သွားသည်ကို အိန္ဒိယက စိုးရိမ်လာသည်။
အိန္ဒိယကို တော်လှန်နေသော အာသံနှင့် နာဂသူပုန်များသည် မြန်မာ့စစ်အစိုးရ၏ နယ်မြေအတွင်း ခိုလှုံနေသဖြင့် စစ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လာသည်။
ထို့ကြောင့် အိန္ဒိယသည် မူဝါဒဟောင်းကို စွန့်ပယ်ကာ “Look East Policy” (အရှေ့မျှော်မူဝါဒ) ကို ကျင့်သုံးပြီး မြန်မာစစ်အစိုးရ (နအဖ) နှင့် လက်ဆွဲနှုတ်ဆက်ကာ လက်တွေ့ကျသော (Pragmatic) ဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ ဤသည်မှာ ဒီမိုကရေစီဘက်တော်သား အိန္ဒိယက မြန်မာပြည်သူများကို စိတ်ပျက်စေခဲ့သော အလှည့်အပြောင်း ဖြစ်သည်။
(၅) ဒေါ်အောင်ဆန်းစုကြည်ခေတ် – မျှော်လင့်ချက်၊ လက်တွေ့ပကတိနှင့် သံတမန်ကြိုးတန်းလျှောက် (၂၀၁၅–၂၀၂၁)
၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အစိုးရ အာဏာရလာသောအခါ အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် အခန်းကဏ္ဍသစ်တစ်ခုသို့ ကူးပြောင်းခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ (Narendra Modi) သည် မူဝါဒကို “Act East Policy” အဖြစ် အဆင့်မြှင့်တင်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် အိန္ဒိယသည် စိမ်းသောနိုင်ငံမဟုတ်။ သူမ၏ မိခင် ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီမြို့ရှိ Lady Shri Ram ကောလိပ်တွင် ပညာသင်ကြားခဲ့ရပြီး အိန္ဒိယယဉ်ကျေးမှု၊ မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ဝါဒတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်သည် [^၆]။
သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်တွင်မူ သူမသည် “အတိတ်က ကျောင်းသူလေး” အဖြစ် မဟုတ်ဘဲ “နိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်” တစ်ဦးအနေဖြင့်သာ လက်တွေ့ကျကျ ဆုံးဖြတ်ခဲ့ရသည်။
”ပထဝီဝင်အနေအထားအရ အိမ်နီးချင်းကို ပြောင်းလဲ၍မရ။”ဟူသော လက်တွေ့ပကတိအရ ဒေါ်အောင်ဆန်းစုကြည်ခေတ်တွင် အိန္ဒိယနှင့် ဆက်ဆံရေးသည် အောက်ပါအတိုင်း ပုံဖော်ခဲ့သည်။
ရိုဟင်ဂျာအရေးအခင်း ဖြစ်ပွားချိန်တွင် အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပိတ်ဆို့ခဲ့ကြသော်လည်း၊ အိန္ဒိယနိုင်ငံ မိုဒီအစိုးရကမူ မြန်မာ့အချုပ်အခြာအာဏာနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို နားလည်ကြောင်း ပြသကာ မြန်မာဘက်မှ ရပ်တည်ပေးခဲ့သည် [^၇]။ ၎င်းမှာ အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံကို တရုတ်ရင်ခွင်ထဲသို့ လုံးလုံးလျားလျား မကျရောက်စေလိုသော ပထဝီနိုင်ငံရေး ဗျူဟာကြောင့် ဖြစ်သည်။
NLD အစိုးရလက်ထက်တွင်ပင် မြန်မာစစ်တပ်သည် အိန္ဒိယထံမှ ပထမဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘော (INS Sindhuvir) ကို ဝယ်ယူတပ်ဆင်နိုင်ခဲ့သည်။
သမိုင်းကို ပြန်ကြည့်လျှင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် “စိတ်ကူးယဉ် ဒီမိုကရေစီညီအစ်ကိုဝါဒ” (Idealism) မှသည် “လက်တွေ့ကျသော ပထဝီနိုင်ငံရေး အကျိုးစီးပွားဝါဒ” (Realpolitik) သို့ ပြောင်းလဲလာခဲ့သည်ကို တွေ့ရမည်။ ရှေးခေတ်က ဗုဒ္ဓတရားတော်ချင်း ဖလှယ်ခဲ့ကြရာမှ၊ ကိုလိုနီခေတ်တွင် နယ်ချဲ့ကို အတူတိုက်ခဲ့ကြပြီး၊ လွတ်လပ်ရေးခေတ်ဦးတွင် ဘက်မလိုက်ဝါဒဖြင့် လက်တွဲခဲ့ကြသည်။
သို့သော် ခေတ်သစ်နိုင်ငံရေးအရမူ အိန္ဒိယ၏ မြန်မာအပေါ်ထားရှိသော မူဝါဒသည် မြန်မာပြည်တွင် မည်သည့်အစိုးရ (ဒီမိုကရေစီအစိုးရဖြစ်စေ၊ စစ်အစိုးရဖြစ်စေ) တက်သည်ဖြစ်စေ မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ တရုတ်ကို တန်ပြန်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့အပေါ်တွင်သာ အခြေခံ၍ ဆုံးဖြတ်နေတော့သည်။
MT(VOM)
Ref:
[^၁]: သန်းထွန်း၊ ဒေါက်တာ။ “ခေတ်ဟောင်းမြန်မာရာဇဝင်”၊ မဟာဒဂုံစာပေ၊ ၁၉၆၉။
[^၂]: Thant Myint-U. “The Making of Modern Burma”, Cambridge University Press, 2001.
[^၃]: အောင်ဆန်း၊ ဗိုလ်ချုပ်။ “ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိနှင့် မိန့်ခွန်းများ”၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၁၉၉၈။
[^၄]: ဦးနု ရဲ့ တာတေစနေသား
[^၅]: Aung San Suu Kyi. “Freedom from Fear”, Penguin Books, 1991.
[^၆]: Popham, Peter. “The Lady and the Peacock: Aung San Suu Kyi and the Story of Burma”, Rider, 2011.
[^၇]: Gateway House. “India-Myanmar Relations: The Act East Pivot”, Mumbai, 2018. (၂၀၁၇ ရခိုင်အရေးအခင်းတွင် မိုဒီအစိုးရ၏ ရပ်တည်ချက်နှင့် Act East မူဝါဒ နိုင်ငံရေးသုံးသပ်ချက်)
