မိုးသည်း လေထန်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သစ်ပင်တွေ ပြိုလဲပြီး လူထိခိုက်မှုတွေ ရှိ

မေ ၂၆ – ၂၀၂၄
SN (VOM)
ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သစ်ပင်တွေ ပြိုလဲပြီး လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။
မြန်မာနိုင်ငံက ဒေသတချို့မှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်ကစလို့ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် သစ်ပင်တွေ ပြိုလဲပြီး လူနေအိမ် ပျက်စီးမှုတွေ၊ လူထိခိုက်မှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မေ ၂၆ ရက်မှာလည်း ပိုမို‌ အားကောင်းလာမယ့် ဆိုင်ကလုန်း “ရီမယ်(လ်)” ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်၊ မိုးသည်းထန်ပြီး သစ်ပင်လဲကျမှုတွေ နေရာအနှံ့ ဆက်လက် ဖြစ်ပွားခဲ့တာကြောင့် သက်ဆိုင်ရာနယ်မြေဒေသ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မနက် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်က ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အင်္ဂပူ-ကြံခင်းကားလမ်းပေါ်မှာ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သလို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လှော်ကားလမ်းမှာလည်း ဒီကနေ့ မနက် ၁၀ နာရီ ၅၅ မိနစ်ဝန်းကျင်က သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူး-စကု ကားလမ်းပေါ်မှာလည်း မေ၂၆ မနက် ၁၀ နာရီ ၄၇ မိနစ် ဝန်းကျင်က သစ်ကိုင်းကျိုးကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သလို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံကနိကျေးရွာအုပ်စု၊ ရွှေစာရံချွန်းကျေးရွာနဲ့ မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်တို့မှာလည်း ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နေ့လယ် ၁ နာရီခွဲဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သန္တာလမ်းနဲ့ သန်လျင်မြို့နယ်အတွင်းရှိ အောင်မင်္ဂလာရပ်ကွက်၊ နံ့သာကုန်းထိပ်၊ ကျိုက်‌ခေါက်ဘုရားလမ်းနဲ့ မြို့သစ်နောက်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းနဲ့ သိပ္ပံလမ်းထောင့်တို့မှာလည်း သစ်ပင် လဲကျမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“လေကလည်း တော်တော်ပြင်းတယ်။ မိုးကလည်း တနေကုန်ရွာနေတာဆိုတော့ မြေသားတွေက မခိုင်တော့ဘူးလေ။ ဒါကြောင့် သစ်ပင်တွေ လဲကျနေတာ နေ့တိုင်းလိုလိုပဲ။ ကျွန်တော်တို့ ဒီနေ့ ရှင်းလင်းရေးလုပ်ခဲ့တဲ့ သန်လျင်မှာဆို နေရာ ခြောက်နေရာလောက်မှာ သစ်ပင် လဲကျတာတွေဖြစ်တယ်။ လူထိခိုက်မှုတော့ မရှိပေမယ့် ခေတ္တ လမ်းပိတ်ဆို့မှုတွေတော့ ဖြစ်သွားတာပေါ့” လို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၈) ရပ်ကွက်၊ ဇာဒက်ကြီးကျွန်းလမ်းမှာလည်း နေ့လယ် ၂ နာရီဝန်းကျင်က သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့သစ်ရှေ့ရပ်ကွက်၊ အထက (၂) ကျောင်းလမ်းမှာလည်း နေအိမ်ပေါ် သစ်ပင်လဲကျမှု ဖြစ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါအပြင် နေ့လယ် ၂ နာရီကျော်လောက်ကလည်း ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊ ပိတောက်လမ်း၊ အမှတ် (၁၀) ရှိ နေအိမ်ခေါင်မိုးပေါ်ကို ပိတောက်ကိုင်းကျိုးကျမှု ဖြစ်ပွားခဲ့တဲ့အပြင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ရပ်ကွက်ကြီး (၈)၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာလည်း မဲဇလီပင် နှစ်ပင် လဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂) ရပ်ကွက်၊ ဒေါနလမ်းမှာလည်း မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က နေအိမ်ပေါ် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့သလို ညနေ ၅ နာရီ ဝန်းကျင်ကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇိုင်းတောင်ရပ်ကွက်၊ ဖောင်တော်ဦးအုတ်စက်လမ်းမှာလည်း နေအိမ်ပေါ် သစ်ပင်လဲကျခဲ့တာကြောင့် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး။ ပြင်ပ ဒဏ်ရာလောက်ပဲ ရတာပါ။ လက်ရှိမှာတော့ ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အခြေအနေနဲ့ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အပါအဝင် မိုးလေဝသပညာရှင်တွေ၊ လေ့လာသူတွေ၊ အဖွဲ့အစည်းတွေက အသိပေးချက်အမျိုးမျိုး ထုတ်ပြန်လျက်ရှိကြတာမှာ မုန်တိုင်းရဲ့အရှိန်ကြောင့် အခု ရက်သတ္တပတ်အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီး၊ ရေလျှံမှု တွေ ဖြစ်နိုင်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေ ၂၆ ရက်၊ ည ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ရီမယ်(လ်)” (REMAL) ဟာ မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့ (Maungdaw) ရဲ့ အနောက်ဘက်၊ ရေမိုင် ၁၇၅ မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ရဲ့ အနောက်- အနောက်မြောက်ဘက်၊ ရေမိုင် ၂၁၀ မိုင်ခန့်၊ ကျောက်ဖြူမြို့ (Kyaukpyu) ရဲ့ အနောက်- အနောက်မြောက်ဘက်၊ ရေမိုင် ၂၅၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ရဲ့ တောင်-အနောက်တောင်ဘက်၊ ရေမိုင် ၉၅ မိုင်ခန့်၊ မွန်ဂလမြို့ (Mongla) ရဲ့ တောင်ဘက်၊ ရေမိုင် ၁၁၀ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း (Sagar Island) ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ဒီဂါမြို့ (Digha) ရဲ့ အရှေ့- အရှေ့တောင်ဘက်၊ ရေမိုင် ၁၁၀ မိုင်ခန့်နဲ့ ကန်နင်းမြို့ (Canning) ရဲ့ တောင်-အရှေ့တောင်ဘက်၊ ရေမိုင် ၁၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကာ ကျန် ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ထူထပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ မေ ၂၇ ရက်နေ့၊ မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်မှု အနေနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW