မိုင်းခွဲခံရတဲ့ မစောတံတားကနေ ကားသေးပေးဖြတ်နေပေမယ့် ကားတွေရာချီ ပိတ်မိနေဆဲ

မေ ၂၅ – ၂၀၂၄
GG (VOM )
မိုင်းခွဲခံရတဲ့ ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြား၊တောင်ကလေးရွာအနီးက မစောတံတားကနေ ကားအသေးတွေကို ဖြတ်သန်းခွင့်ပြုနေသလို တံတားဘေးမှာပါယာယီမြေသားလမ်းဖောက်လုပ်နေတယ်လို့သိရပါတယ်။
မစောတံတားမိုင်းခွဲခံရပြီးနောက် မပျက်စီးဘဲကျန်ခဲ့တဲ့ တံတားတခြမ်းကို ပြုပြင်မှုလုပ်ကာ ကားလေးတွေကိုသာ တလှည့်စီအချိန်သတ်မှတ်ကာ ဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး ကားကြီးတွေ ၊ကုန်ကားတွေ သွားလာခွင့်မရသေး​ကြောင်း၊ ယာယီမြေသားလမ်းပြီးမှသာတံတားကနေ ကားကြီးတွေပါဖြတ်သန်းသွားလာခွင့်ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
” ဟုတ်တယ် ကားလေးတွေတော့ တံတားပေါ်ကနေဖြတ်ခွင့်ပြုနေတယ်၊တလှည့်စီပေးဖြတ်နေတာ၊ ဘေးမှာလည်းမြေသားလမ်းတော့ဖောက်နေတယ်၊ခုနေ့တော့သွားလို့မရသေးဘူး။မနက်ဖန်လောက်ဆိုရင်တော့ သွားလို့ရဖို့များတယ်သိရတယ်၊ခုကတော့ တံတားကပေးဖြတ်ပေမယ့်လည်းကားတွေကတော့ပိတ်နေကြတုန်းပဲ “လို့ ဘီးလင်းဒေသခံကပြောပါတယ်။
မစောတံတားတခြမ်းကနေ ကားသေးတွေဖြတ်သန်းခွင့်ပြုပေးနေပေမယ့်လည်း တံတားနှစ်ဖက်ခြမ်းလုံးမှာ ကားသေးအပါ ကုန်ကား၊ခရီးသည်တင်ကား တွေပိတ်နေသလို ကျေးရွာဘက်လမ်းတွေမှာပါကားတွေပိတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တံတားက ကားကြီးတွေဖြတ်မရသလို ကျေးရွာချင်းဆက်လမ်းကလည်း ကျဥ်းမြောင်းပြီး မြေသားလမ်းဖြစ်တဲ့အတွက် ကားကြီးတွေအတွက် အဆင်မပြေတာကြောင်​့္
ရန်ကုန်- မော်လမြိုင်လမ်းပေါ်မှာကုန်ကားသမားတွေညအိပ်ရတဲ့အထိ ကားတွေပိတ်မိနေသလို ကျေးရွာလမ်းမှာပါ ကားတွေရာနဲ့ချီပိတ်မိနေကြတာဖြစ်ပါတယ်။
” ရွာလမ်းကလည်း ကားကြီးတွေသိပ်မပြေလောက်ဘူး၊လမ်းက ကျဥ်းတယ်၊မြေသားလမ်းဖြစ်တယ်၊ မိုးရွာထားတော့သွားရလာရပိုဆိုးတယ်၊ ရွာလမ်းမှာမနက်က တွဲကားနှစ်စီးနစ်နေတာ တွေ့ခဲ့တယ် မနက်ဖြန်တံတားကဖြတ်ရရင်တော့ ရွာဘက်ကချောင်သွားမယ့်သဘောရှိတယ် ” လို့ ရွာလမ်းဖြတ်သန်းခဲ့တဲ့ ကားသမားတ​ယောက်ကပြောတယ်။
ရန်ကုန် -မော် လမြိုင်ကားလမ်း သွားလာတဲ့အခါ တာဝန်ရှိစစ်ဆေးရေးဂိတ်တွေက ညပိုင်းမှာ ဖြတ်သန်းသွားလာခွင့် ပိတ်လေ့ရှိပြီး အချိန်ကတော့ အတိကျသတ်မှတ်ထားတာမျိုးမရှိကြောင်း ၊ ညဘက်မှာသွားလာခွင့်ပိတ်ထားကြောင့်လည်းကားတွေက ပိတ်မိချိန်ကြာမြင့်တာဖြစ်တယ်လို့သိရပါတယ်။
မစောတံတားကတော့ မေလ ၂၃ ရက်နေ့မနက်အစော ၂ နာရီလောက်မှာ မိုင်းခွဲခံရပြီး ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW