ပခုက္ကူမြို့နယ် PDF စခန်းတခု တိုက်ခိုက်ခံရ ၊ လူခြောက်ယောက်သေဆုံး

မေ ၊ ၂၆ ၊ ၂၀၂၄
SP ( VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ မြို့စိုးကျေးရွာအုပ်စု ၊ ချမ်းသာကြီးကျေးရွာ မှာရှိတဲ့ စာသင်ကျောင်းနားမှာ မနေ့ မေ ၂၅ ရက် မနက် ၆ နာရီဝန်းကျင်က နစက တပ်နဲ့ ဒေသတွင်း လက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့မနက်ပိုင်းက မိုးလင်းတာနဲ့ ရွာနားကို နစက တပ်တွေရောက်လာတယ် ၊ ဘယ်အချိန်က စပြီးရောက်တယ်ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး ၊ အဲ့ဒီနောက် စာသင်ကျောင်းနားမှာ တိုက်ပွဲဖြစ်တယ် ၊ ရွာခံ သုံးယောက်အပါအဝင် တခြားဧည့်သည် သုံးယောက်နဲ့ စုစုပေါင်း လူခြောက်ယောက် သေဆုံးတယ် ၊ နောက်ပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီထိတွေ့တိုက်ပွဲကြောင့် ချမ်းသာကြီးရွာခံ လူ ရှစ်ရာဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရတယ်။
ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်း ကျောင်းအပ်နှံရေး သီတင်းရက်ပတ်မှာ စာသင်ကျောင်းတွေမှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်စာတွေကပ်ထားတယ် ၊ အဲ့ဒါကြောင့် နယ်မြေရှင်းလင်း လှုပ်ရှားအဖွဲ့တွေ သွားရောက်ရှင်းလင်းတယ် ၊ အဲ့ဒီ ရှင်းလင်းမှုဖြစ်စဥ်မှာ အမျိုးသား ရုပ်အလောင်း ခြောက်လောင်းနဲ့ လက်လုပ်သေနတ် (အရှည်) ၅ လက်၊ -၁၂ ဗို့ကျည် ၃၇ တောင့်၊ ၅.၅၆ မမကျည် ၅ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရမိတယ်”လို့ ပြောပါတယ်။
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၈ ရက် ၊ မနေ့က နစကတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၊ ညပိုင်းမှာ ရေစကြိုမြို့ပေါ်က အငြိမ်းစား ကျောင်းအုပ်ကြီး ဆရာ ၊ ဆရာမ လင်မယားနှစ်ယောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မေ ၂၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့အဝင် ၊ တမာတန်းလမ်းဆုံနားမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ယာဥ်သွားလာမှုတွေကို ရပ်တန့် စစ်ဆေးနေတဲ့အချိန် ပညှင်းကျေးရွာကနေ ရေစကြိုမြို့ကို ရုံးလာတက်တဲ့ မြို့နယ် လက်ထောက် လဝကမှူး ဦးကျော်နန္ဒ ၃၅ နှစ်ဆိုသူ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ချင်းတွင်းမြစ်ကူးတံတား အနောက်ဘက်အနီး ရွှေတောင်ဦး သာသနာ့နယ်မြေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်ဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက် မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီအပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ သာစည်ကျေးရွာ အုပ်စု ၊ မြေဖြူကျေးရွာမှာ မေ ၁၄ ရက် ညနေပိုင်းက ရွာအပြင် နွားထွက်ကျောင်းတဲ့ ရွားသားသုံးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လက်မြှောက်ခိုင်းပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မနေ့ညနေပိုင်းက ရေစကြ်ုမြို့နယ် ၊ မြေဖြူရွာ လူသတ်မှုဖြစ်ပွားတဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဂွေးချို ပြည်သူ့စစ် စခန်း ၊ ဆင်မရဲ ပြည့်စစ် စခန်း ၊ ဆင်ချောင်း ပြည်သူ့စစ် စခန်းနဲ့ ဟင်္သါ ပြည်သူ့စစ် စခန်းတို့ကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် ဂွေးချိုကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင် လက်ထောက်ဆရာတော် ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး ၊ ဆင်မရဲကျေးရွာသား တယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ မေ ၂ ရက်နဲ့ ၃ ရက်နေ့က ဆက်တိုက်ပစ်ခတ်မှုတွေဖြစ်ပွားတယ် ၊ မေ ၂ ရက် ညနေပိုင်းက ပခုက္ကူ – ရေစကြို ကားလမ်း ပစ်ခတ်မှုမှာ ရဲအရာရှိတယောက် အပါအဝင် ရှစ်ယောက်သေတယ် ၊ မတ် ၃ ရက်က ရေစကြိုနယ် ၊ သူဌေးကုန်းရွာနားမှာ ပစ်ခတ်မှုဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ PDF ခြောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ် ၊ ရေစကြိုနယ်မှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်တာတွေ သုံးနှစ်ကျော်လာပြီး ၊ အဲ့ဒီ ကာလအတွင်းမှာ သေဆုံးသူ နှစ်ရာကျော်ရှိတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါသေးတယ်။
ဓာတ်ပုံ ၊ ချမ်းသာကြီးရွာတိုက်ပွဲက သိမ်းဆည်းရမိတဲ့ လက်နက်တွေ (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW