မန္တလေး ရွာဟိုင်း (ရဟိုင်း)အားကစားကွင်းဘေးက ဆိုင်ခန်းတွေကို ၁၅ ရက်အတွင်းဖယ်ရှားဖို့အမိန့်ထုတ်

မန္တလေး၊ မေ – ၂၈- ၂၀၂၄
BT(VOM)
မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ မဟာအောင်မြေကျောက်ဝိုင်းမြောက်ဘက် ၃၈ လမ်းဘေးက ရွာဟိုင်း အားကစားကွင်းဘေးပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေကို ၁၅ ရက်အတွင်းဖယ်ရှားပေးရမယ်လို့ မေ ၂၇ ရက်နေ့ ရက်စွဲနဲ့ မဟာအောင်မြေခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနက အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအမိန့်ကြေငြာစာမှာတော့
” ၁၉၉၅ ခုနှစ်၊ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ၃ အရ “နို့တစ်စာ” လက်ရှိနေထိုင်သူများအားလုံး အောက်ဇယားတွင့် ဖော်ပြထားသည့် အစိုးရအိမ်ဥပစာတွင် ခွင့်ပြုချက်မရပဲ နေထိုင်လျှက်ရှိသည်ဟု ယူဆသောကြောင့်- ၁၉၉၅ ခုနှစ်အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေ ၃ အရ ဤနို့တစ်စာရသည့်နေ့မှ ၁၅ ရက်အတွင်း အဆိုပါအိမ်ဥပစာမှ ထွက်ခွာသွားရမည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။
“တိုက်ခန်းတွေက နဂိုကတည်းက ဝယ်နေကြတာလေ သက်တမ်းတွေကလည်း အများကြီး ကျန်သေးတယ်ဆိုတော့ တချို့ဆိုင်ခန်းတွေကတော့ အယူခံဝင်ကြမှာ၊စာရွက်ထဲမှာလည်း အယူခံဝင်နိုင်တယ်လို့ ပါတော့လေ၊ အယူခံဝင်မယ့်သူတွေပြောတာတော့ အယူခံဝင်မယ်ဆိုရင် တခန်းကို ၁၀ သိန်းနှုန်းနဲ့ အယူခံဝင်ကြဖို့ နှစ်ထပ်တိုက်ခန်းပိုင်ရှင်တွေဘက်က ပြောလာတယ်၊ တလ နေရနေရ တနှစ် နေရနေရပေါ့၊ မပေးတဲ့အခန်းတွေကို ချိတ်ပိတ်မယ်လို့ပြောတယ်၊ တလမှ တသိန်းလောက်ကျတော့မှာလေ အပြင်မှာဒီကုန်စျေးနှုန်းနဲ့ ဘယ်လိိုမှ နေမရဘူး” လို့ အဲ့ဒီဆိုင်ခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတဦးက VOM ကိုပြောပါတယ်။
အဲ့ဒီဆိုင်ခန်းတွေကနေ သတ်မှတ်ထားတဲ့ရက်အတွင်းမှာ ထွက်ခွာခြင်းမပြုလုပ်ရင် အဲ့ဒီဆိုင်ခန်းမှာနေထိုင်ကြတဲ့ မိသားစုဝင်တွေနဲ့ လက်ရှိနေထိုင်သူတွေကို အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားခြင်းခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
“အမတို့နေလာတာ ၂၅ နှစ်ရှိပြီ၊ ဆိုင်ခန်းတွေက နှစ်သုံးဆယ် ဂရန်တွေထုတ်ပေးထားတာ သုံးလေးငါးနှစ်လောက် သက်တမ်းကျန်သေးတယ်၊ ဒီလိုအချိန်မှာ မဖျက်ရရင်တော့ အကောင်းဆုံးပဲနော့၊ အားလုံးကခက်ခဲနေကြတဲ့အချိန်ဆိုတော့၊ ကလေးတွေလည်းကျောင်းဖွင့်တော့မှာဆိုတော့ ကောင်းကောင်းမွန်မွန်လေးနေထိုင်ချင်တယ်၊ အကုန်လုံး ခဲယဥ်းကုန်မှာ၊ သူတို့က နှင်ထုတ်ရေးစာဆိုပြီး လာတာကိုး၊ ဖျက်ဖျက်ဖျက် ဆို အမတို့က ကပ်ပြီးမနေရဲဘူး၊ တကယ်လို့ ၁၀ သိန်းပေးလို့မှ မရဘူး ဘူဒိုဇာတွေနဲ့လာတယ်ဆိုရင် အမတို့က မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်မှာလေ” ဆိုင်ခန်းပိုင်ရှင်တဦးကပြောပါတယ်။
အဲ့ဒီဆိုင်ခန်းရှင်တွေကို ၁၅ ရက်အချိန်ပေးထားပေမယ့် ၁၀ ရက်အတွင်း အယူခံဝင်ဖို့ ပြောထားပြီး ဆယ်ရက်အတွင်း အယူခံဝင်မှုပြုလုပ်တာ မအောင်မြင်ရင် ကျန်တဲ့ ၅ ရက်အတွင်းမှာ နေအိမ်ဆိုင်ခန်းတွေကနေ အပြီးဖယ်ရှားပေးဖို့ ညွှန်ကြားထားတာရှိတယ်လို့ ဆိုင်ခန်းရှင်တွေက VOM ကိုပြောပါတယ်။
အဲ့ဒီ ရွာဟိုင်းအားကစားကွင်း ပတ်လည်မှာ ဆိုင်ခန်းအရေအတွက် ၁၇၃ ခန်းရှိပြီး ၊ မဟာအောင်မြေကျောက်ဝိုင်းနဲ့နီးတဲ့အတွက် အဲ့ဒီဆိုင်ခန်းတွေမှာ ကျောက်မျက်အရောင်းပြခန်း၊ ကျောက်ဖြတ်ပစ္စည်းမျိုးစုံရောင်းဝယ်ရေး၊ စားသောက်ဆိုင်တွေနဲ့ အထည်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်အများရှိတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လပိုင်းမှာလည်း ဗထူးအား ကစားကွင်းရှိ ဆိုင်ခန်း (၁၃၃)ခန်း၊ အောင်မြေမန္တလာ အားကစားကွင်းရှိ ဆိုင်ခန်း(၉၅)ခန်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်အား ကစားကွင်းရှိ ဆိုင်ခန်း (၁၆၂)ခန်းတို့ကို ၃၁.၃.၂၀၂၂ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့အမိန့်စာတွေထုတ်ပြန်ပြီးနောက်ပိုင်း အဲ့ဒီဆိုင်ခန်းတွေကို ဧပြီလထဲမှာ အပြီးရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW