ဩဂုတ် ၈ – ၂၀၂၄
SN (VOM)
မြန်မာနိုင်ငံအတွင်း တင်သွင်းလာတဲ့ သွင်းကုန်ပစ္စည်းတန်ဖိုးတွေ ဈေးနှုန်း မှန်ကန်မှု ရှိစေဖို့အတွက် ရည်ရွယ်ပြီး သွင်းကုန်တွေကို ကုန်စည်အလိုက် ရည်ညွှန်းဈေးသတ်မှတ်ဖို့ စီစဉ်လျက်ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။
ဒီစီမံချက်ကို အကောင်အထည်ဖော်ဖို့ အကောက်ခွန်ဦးစီးဌာနနဲ့ ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားတဲ့ သွင်းကုန်တန်ဖိုး စိစစ်ရေးအဖွဲ့ကနေ သွင်းကုန်ပစ္စည်း HS Code လိုင်း ၃၇၃ လိုင်း၊ ကုန်ပစ္စည်းအမျိုးအမည် ၃၂၇၉ မျိုးအတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းတွေကို စိစစ်ပြုစုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “ဒါက ဈေးနှုန်းကန့်သတ်မှုတွေနဲ့ ဈေးကွက်ကို ထိန်းချင်ပြန်တဲ့သဘော။ ရှေ့မှာလည်း ရည်ညွှန်းဈေးဆိုပြီး အများကြီး လုပ်ခဲ့ပြီးပြီ။ အဆင်ပြေမလာဘူး။ ပိုဆိုးသွားတာပဲ ရှိတယ်။ ဒီစနစ်နဲ့သွားတာက ဘာအကျိုးမှ မဖြစ်ထွန်းခဲ့ဘူးဆိုတာ သိသိကြီးနဲ့ ဒီနစ်ကိုပဲ အခု သွင်းကုန်တွေမှာတခါ ထပ်ပြီး အကောင်အထည်ဖော်ဦးမယ်ဆိုတော့ ဈေးကွက် တခုပြီးတခုကို မပျက် ပျက်အောင် ဖျက်နေတဲ့သဘောပဲလို့ မြင်တယ်” လို့ ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အဆမတန်မြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ နစက က အမေရိကန်ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ ဆန်၊ စားသုံးဆီနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ရည်ညွှန်းဈေးသတ်မှတ်ပြီး ဈေးနှုန်းတွေကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အဆင်ပြေမှု မရှိသေးဘူးလို့ ဆိုပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနကတော့ သွင်းကုန်လိုင်စင် လျှောက်ထားတာ၊ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်တာကို လာမယ့် ဩဂုတ် ၁၂ ရက်ကစပြီး ကုန်စည်အလိုက် သတ်မှတ်ထားတဲ့ သွင်းကုန်ရည်ညွှန်းဈေးနှုန်းအတွင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။
အဲဒီ သွင်းကုန် ရည်ညွှန်းဈေးနှုန်းတွေကိုလည်း အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ထုတ်ပြန်မှုတွေ ပြုလုပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။
“ရည်ညွှန်းဈေး သတ်မှတ်ရင် သွင်းကုန်သမားတွေအတွက်လည်း အရှုံးပေါ်နိုင်တယ်။ အောက်ခြေ လူတန်းစားတွေအတွက်လည်း တကယ် ထိထိရောက်ရောက်နဲ့ အဆင်ပြေသွားတာ မရှိနိုင်ဘူး။ ဈေးတွေပိုပြီးတက်လာမယ်၊ မှောင်ဈေးတွေ ပိုဖြစ်လာမယ်၊ အရင်းစစ်ရင် နောက်ဆုံး စားသုံးသူတွေပဲ ပိုအထိနာနိုင်တယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းလာတဲ့အတွက် သွင်းကုန်တွေဈေးကြီးပြီး ပစ္စည်းပြတ်လပ်တာမျိုးတွေ ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပြည်တွင်းမှာ အသုံးများတဲ့ နိုင်ငံခြားငွေလဲဈေးတွေဟာ ဩဂုတ်လအစပိုင်းကတည်းက စံချိန်တင် မြင့်တက်နေတာဖြစ်ပြီး အမေရိကန် တဒေါ်လာ ကျပ် ၅၆၀၀ နီးပါး၊ ထိုင်းဘတ် ကျပ် ၁၅၀ ကျော်၊ တရုတ်ယွမ် ကျပ် ၇၆၀ ကျော်၊ စင်္ကာပူဒေါ်လာ ကျပ် ၄၀၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
လက်လီစတိုးဆိုင်တွေမှာ နိုင်ငံခြားသွင်းကုန်တွေ လျော့နည်းလာသလို ဆေးဝါးတွေလည်း ပြတ်လပ်လာပြီး တချို့ဆေးတွေဆိုရင် ကုမ္ပဏီတွေက ခွဲတမ်းနဲ့ မျှပြီးယူနေရတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #သွင်းကုန် #ကုန်စည်အလိုက် #ရည်ညွှန်းဈေး #သတ်မှတ်