နျူကလီးယား စူပါပါဝါဖြစ်လာဖို့ အရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်ပြော



ပြုံးယမ်း၊ အောက်တိုဘာ-၈-၂၀၂၄
ရတီ (VOM)

မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားစူပါ ပါဝါနိုင်ငံဖြစ်လာဖို့ အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်သူကကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ဒီလက်နက်တွေကို အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဒီနေ့မှာ ဖော်ပြထားပါတယ်။

ဒေသတွင်းမတည်မငြိမ်ဖြစ်စေဖို့ အမေရိကန်နဲ့ ပူးပေါင်းနေတဲ့အပေါ် တပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုလ်အမည်တပ်ကာ ကင်ဂျုံအန်က ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားမှာ မဟာဗျူဟာမြောက် လက်နက်တွေမရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားကို အဆုံးသတ်မယ်ဆိုတဲ့ တောင်ကိုရီးယားသမ္မတ ပြောဆိုမှုတွေဟာ မဟာမိတ်အမေရိကန်ရဲ့ အစွမ်းအပေါ် လုံးလုံးလျားလျား မျက်ကန်းလို ယုံကြည်နေခြင်းဖြစ်ကြောင်း အမေရိကန်နဲ့တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးကို ကိုးကားပြီး ကင်ဂျုံအန်က ပြောပါတယ်။

ရန်သူက ကျူးကျော်တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင်တော့ မြောက်ကိုရီးယားစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်မှမဟုတ်ဘူးဘဲ နျူကလီးယား စူပါပါဝါဖြစ်လာဖို့ အားထုတ်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကတော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ မသုံးဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ထပ်မံသတိပေးခဲ့ပြီး ဒီလက်နက်တွေအသုံးပြုမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ နိဂုံးချုပ်တဲ့နေ့ပဲလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ နျူကလီးယားလက်နက်တွေထုတ်ဖို့ ယူရေနီယမ်တွေရှိတယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိအချိန်ထိ မြောက်ကိုရီးယားဟာ မြေအောက်နျူကလီးယား ဖောက်ခွဲစမ်းသပ်မှု ခြောက်ကြိမ်ထိ ပြုလုပ်ထားပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW