ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စည်ဈေးကွက် အော်ဒါများပေမယ့် ကုန်အဝင်နည်းနေ

အောက်တိုဘာ ၁၀၊ ၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စည်ဈေးကွက်မှာ လက်ရှိအောက်တိုဘာလ၊ ဒုတိယပါတ်အတွင်း ပြည်မဘက်က ကုန်စည်အော်ဒါများနေပေမယ့် ကုန်စည်ထွက်ရှိမှု နည်းပါးနေတာကြောင့် ဝယ်လိုအား မမျှမတဖြစ်နေတယ်လို့ အောင်ပန်းမြို့ရှိ ကုန်စိမ်းပွဲရုံတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းမြို့တော်လို့ ခေါ်ဆိုကြတဲ့ အောင်ပန်းမြို့မှာ လက်ရှိအချိန်မှာ ဒေသထွက် ကုန်စည်ရောက်ရှိလာမှုနည်းပါးနေတာကြောင့် ရောက်ရှိလာတဲ့ ကုန်စည်တွေကို အလုအယက်ဝယ်ယူနေရပြီး ကုန်စိမ်းနဲ့ သစ်သီးဝလံဈေးနှုန်းတွေ ပြန်လည်မြှင့်တက်လာနေတယ်လို့ သိရပါတယ်။
“ကုန်စိမ်းကားတွေက အဝင်နည်းလာတော့ ရောက်လာတဲ့ ကုန်စိမ်းတွေက ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေတယ်။ ပွဲရုံတွေအားလုံး နည်းနည်းစီပဲ ရကြတယ်။ ဒါတောင် အလုအယက်ဝယ်နေကြရတယ်။ ပစ္စည်းကောင်းရင် ရောင်းမကုန်ဘူးဆိုတာ မရှိတော့ဘူး။ ခြံရှင်များကလည်း ဈေးကောင်းရကြတယ်။ အခုပစ္စည်းချ အခုကုန်သွားတယ်။ အော်ဒါများနေပေမယ့် ကုန်မရတော့ ဘာမှလုပ်လို့ မရတော့ဘူး”လို့ ရွှေပင့်ကူကုန်စည်ပွဲရုံမှ ကိုမျိုးတင့်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း လက်ရှိအချိန်မှာ ကုန်စည်ထွက်ရှိမှုလျော့နည်းလာပြီဖြစ်သလို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကုန်စည်ပို့ဆောင်ရာ လမ်းကြောင်း တွေ ပိတ်ဆို့နေတာကြောင့် အောင်ပန်းမြို့ကို ကုန်စည်တွေရောက်ရှိမှု နည်းပါးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တောလမ်းတွေက ရေကြီးပြီး လမ်းတွေပါ ပါကုန်လို့ ခက်ခက်ခဲခဲသယ်ထုတ်နေရတယ်။ ကုန်ထုတ်လမ်း တွေကလည်း မြေပြိုတာတွေကြောင့် ပိတ်နေတာ။ ဒါကြောင့် အောင်ပန်းကို သွားပို့တဲ့ ကုန်စည်က နည်းနေတာပါ။ လမ်းလေးတွေပြင်လို့ပြီးသွားရင်တော့ များများတင်ပို့နိုင်မှာပါ။ ဈေးပြန်ကောင်းလာပေမယ့် ရေကြီးမြေပြိုတုန်းက စိုက်ခင်းတော်တော်များများက ပျက်စီးကုန်တော့ ဒီနှစ်ကတော့ တောင်သူတွေ အရင်းပြန်ရဖို့တောင် မလွယ်ဘူး”လို့ ပင်းတယမြို့နယ်မှ တောင်သူ ဦးခင်မောင်တင့်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ကုန်စည်တွေကို ကုန်စည်ထွက်ရှိရာဒေသတွေကနေ အောင်ပန်းမြို့ရှိ ကုန်စည်ပွဲရုံတွေကို တင်ပို့ရောင်းချကြတာဖြစ်ပြီး အဲဒီပွဲရုံတွေကတဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေးစတဲ့ ဒေသတွေကို ပြန်လည်တင်ပို့ရောင်းချကြရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW