သန်ခေါင်းစာရင်းကောက်သူ ၁၂ ယောက်အဖမ်းခံရပြီး အသတ်ခံရမှုတွေလည်း ရှိနေ



အောက်တိုဘာ ၁၁ – ၂၀၂၄
GG (VOM)

သန်းခေါင်စားရင်းကောက်တဲ့ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၀ ရက်အတွင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာမတွေအပါအဝင် ၁၂ ယောက်အဖမ်းခံထားရပြီး ရဲတပ်ဖွဲ့ဝင်အချို့နဲ့ အုပ်ချုပ်ရေးမှူး တယောက်ပါအသတ်ခံခဲ့ရသလို ဗုံးခွဲတိုက်ခိုက်ခံရမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်တွေအနေနဲ့ တနင်္သာရီ တိုင်း၊ သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကောက်ယူရာမှာပါဝင်တဲ့ ရန်တောင်ကျေးရွာမှာက မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသီးဖေ အပါအဝင် ကျောင်းဆရာမ (၃)ဦးနဲ့ ရန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ အောက်တိုဘာလ ၉ရက်နေ့ကသူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

ဒါအပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ်က သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ စာရင်းစစ်၊ စာရင်းကောက်အဖြစ်ပါဝင်ခဲ့တဲ့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဂေါ့အင်း)မှ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာ၊ အခြေခံပညာအထက်တန်းကျောင်း(ရေဖြူ)မှ ကျောင်းဆရာမတွေ ဖြစ်တဲ့ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေး၊ အခြေခံပညာ မူလတန်းကျောင်း (ကဒက်ငယ်ထိန်)မှ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်ဖြူဖြူထွေး၊ ရေဖြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမဖြစ်သူ ဒေါ်သီတာ တို့ ၇ ယောက်ကို နေအိမ်မှာ PDF တွေကလာရောက်ဖမ်းဆီးသွားတယ်လို့ နစကမှထုတ်ပြန်ထားပါတယ်။

ခုလို သန်းခေါင်စာရင်း ကောက်ယူသူတွေဖမ်းခံရတာနဲ့ပတ်သက်ပြီး စာရင်းကောက်ယူရာမှာပါဝင်နေတဲ့အမျိုးသားတယောက် က ” ကျွန်တော်တို့လည်း ဝန်ထမ်းဖြစ်နေတော့တာဝန်ပေးတော့ မလုပ်လို့မရတဲ့အခြေအနေပါ။ကျောင်းဆရာဆိုပေမယ့်လည်းအရင်ကတည်းက ရွေးကောက်ပွဲဆိုလည်း ကျွန်တော်တို့ပါရတာပဲ။ခုလည်းပါရတာပဲ။ဘယ်အစိုးရတက်တက်ကျွန်တော်တို့မှာ ဒါကိုမလုပ်ချင်ပါဘူး ကျွန်တော်တို့အလုပ်ကကျောင်းဆရာဖြစ်လို့ စာသင်တာပဲလုပ်နိုင်ပါမယ်လို့ ပြောခွင့်မရဘူး။ဒါကို သန်းခေါင်စာရင်းကောက်တာပါလို့ဖမ်းတာမျိုးမလုပ်သင့်ပါဘူး။” လို့ ပြောပါတယ်။

ပုလောမြို့နယ်မှာလည်း အောက်တိုဘာလ ၄ရက်နေ့က သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့စခန်းငါးခုကို ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အနီးမှာရှိတဲ့ မိုင်ခရိုဝေ့တောင်၊ တာဝါတိုင်ကုန်း၊ ကျောက်ဖားတောင်ဂိတ်၊ ပလရဲစခန်းနဲ့ မီးလောင်ချောင်းဂိတ်တွေဘဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့သိရပါတယ်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့မှာက ပဲခူးတိုင်းအနောက်ပိုင်း ၊ရွှေတောင်မြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ ယွန်းတန်းအုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့မှာလည်း အောက်တိုဘာ၄ရက်နေ့ကပဲ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဦးကမ်းလျန်ထန်ဆိုသူကိုသန်းခေါင်စာရင်း ကောက်ယူမှုမှာ ပါဝင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland)ကဖမ်းဆီးခဲ့ပါတယ်။

ဒါအပြင် ဟားခါးမြို့မှာလည်း အောက်တိုဘာ ၁ ရက်က သန်းခေါင်စာရင်း ကောက်ယူနေတဲ့အဖွဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာလည်း အောက်တိုဘာလ ၁ရက်နေ့က သန်းခေါင်စာရင်းကောက်ယူရာမှာ ကူညီပေးတဲ့ နန်ကြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပါတယ်။

အုပ်ချုပ်ရေးမှူးကို စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခေါ်လာ ချိန်မှာ အုပ်ချုပ်ရေးမှူးကသေနတ်ကိုလုယက်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ပကဖဘက်က သတင်းထုတ်ထားပါတယ်။

သန်းခေါင်စားရင်းကောက်ယူတဲ့အဖွဲ့တွေဖမ်းဆီးခံရခြင်း၊တိုက်ခိုက်ခံရခြင်း၊သတ်ဖြတ်ခံရခြင်းတွေနဲ့ပတ်သက်လို့ နစကဘက်က တနင်္သာရီ တိုင်းလောင်းလုံမြို့နယ်မှ ဆရာမတွေအဖမ်းခံရတဲ့ကိစ္စကိုသာ သတင်းထုတ်ပြန်ထားပြီး ကျန်တဲ့ဖြစ်စဥ်တွေတော့ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

နစကရဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းနဲ့ပတ်သက်လို့ PDF အဖွဲ့တွေကလက်မခံကြောင်းကြေငြာထားပြီး သန်းခေါင်စားရင်းကောက်ယူရာမှာပါဝင်သူတွေကိုလည်းအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ၁ရက်ကနေစပြီး တနိုင်ငံလုံး စတင်ကောက်ယူနေတာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လူအင်အား ၄၀၀၀၀ အသုံးပြုထားတယ်လို့သိရပါတယ်။

သန်းခေါင်စားရင်းကောက်ယူပြီးစီးပါက အထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့ နစကမှအသိပေးကြေငြာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW