ဂျမ်ဘိုခြင်ဆေးခွေ အပါအဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၂၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်



အောက်တိုဘာ ၁၁ – ၂၀၂၄
SN (VOM)

ဂျမ်ဘိုခြင်ဆေးခွေ အပါအဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၂၀ ကျော်ကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မနေ့ အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ခြောက်လအထက် မှတ်ပုံတင်သက်တမ်း ကျော်လွန်ပြီး သက်တမ်းတိုးဖို့ ပျက်ကွက်တဲ့ ပိုးသတ်ဆေး ၁၁ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်လိုက်သလို ကုမ္ပဏီတွေကနေ မှတ်ပုံတင် ဖျက်သိမ်းလိုကြောင်း တင်ပြလာတဲ့ ပိုးသတ်ဆေး ၁၂ မျိုးကိုလည်း မှတ်ပုံတင် ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ဖျက်သိမ်းလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီအချိန်မှာ လုပ်ငန်းတွေကို ရှေ့ဆက် လုပ်ကိုင်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေကလည်း မရှိတော့ဘူးလေ။ အခွင့်အလမ်း နည်းတယ်ဆိုတာထက် ရှိကို မရှိတော့တာ။ ဒါကြောင့် လုပ်ငန်းတွေ ရပ်လိုက်ကြတာများတယ်” လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်တဲ့ သက်တမ်းတိုးဖို့ ပျက်ကွက်တဲ့ ပိုးသတ်ဆေး ၁၁ မျိုးကတော့ Chao Xin , K-Nofos 72 EC , Piperonyl Butoxide , Golden Frog Mosquito 700 WP , Erapizole , Agro Sulf Frey 50 SC , Halocide 5 SC , RDF Granary , Pancozole 25% WDG , VANIDA PACLO တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီတွေကနေ မှတ်ပုံတင် ဖျက်သိမ်းလိုကြောင်း တင်ပြလာတဲ့ ပိုးသတ်ဆေး ၁၂ မျိုးကတော့ Byter Spy , Trounce 40% EC , Program , Poe Special , Jumbo Mosq. Coil , Jumbo 1 Mosquito Coil , Shwe Taung Thu Star-1 25 SL , Hmoe Weik Sar , Gold Medal , Hmoe Doctor , Myay Bayin , Super 10 G တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ပိုးသတ်ဆေးတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၄၃) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး စျေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူး ရောင်းချနေမှုတွေကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ရဲ့ (၄၃) ကြိမ်မြောက်အစည်းအဝေး ပြီးဆုံးတဲ့ ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၄၂၃၇ မျိုးကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း Atrazine , Fomesafen , S-metolachlor , Terbuthylazine , Mesotrione စတဲ့ ပေါင်းသတ်ဆေး ငါးမျိုးကို သုံးစွဲခွင့် တားမြစ်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အဲဒီ ပေါင်းသတ်ဆေးတွေရဲ့ အဆိပ်ရှိ ပစ္စည်းတွေဟာ Rotational Period လေးလ ဖြစ်နေတာကြောင့် နောက်စိုက်သီးထပ်သီးနှံအပေါ် အဟန့်အတားဖြစ်စေနိုင်သလို လူ့ကျန်းမာရေးအန္တရာယ် မြင့်မားစေပြီး မြေအောက်ရေ အရင်းအမြစ်တွေကိုပါ ညစ်ညမ်းစေတဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအတွင်း သုံးစွဲရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေး (Banned Pesticide) အဖြစ် သတ်မှတ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW