တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်



အောက်တိုဘာ ၁၄ – ၂၀၂၄
SS (VOM)

ဒီတပတ်မှာလည်း ပြည်တွင်းက ပြင်ပ ရွှေဈေးနှုန်းတွေဟာ အကျဘက်ကို တဖြည်းဖြည်းချင်း ဆက်သွားနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ဆက်လက် ကျဆင်းလျက်ရှိပါတယ်။

စက်သုံးဆီဈေးတွေကတော့ ဒီတပတ်မှာ အတက်ဘက်ကို ပြန်ရောက်လာပါတယ်။ အလားတူ အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း တချို့သော ကုန်စည်ဈေးနှုန်းတွေက အတက်ဘက်ကို ဆက်သွားနေဆဲ ဖြစ်ပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း

ဒီတပတ်မှာတော့ ပြင်ပဈေးကွက်အတွင်းက အခေါက်ရွှေ ဈေးနှုန်းတွေဟာ ၆၂ သိန်းကျော်ဝန်းကျင်အထိ ကျဆင်းလာပါတယ်။ အရင်တပတ်ကတော့ ကျပ် ၆၃ – ၆၅ သိန်း ဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်စီနဲ့ အပြောင်းအလဲ ရှိနေခဲ့တာပါ။

အခေါက်ရွှေဈေးဟာ မနေ့ အောက်တိုဘာ ၁၂ ရက်၊ ညနေပိုင်းမှာတော့ ကျပ် ခြောက်ဆယ့်နှစ်သိန်းခွဲဝန်းကျင်နဲ့ ဈေးကွက် ပိတ်ခဲ့ပါတယ်။ တပတ်အတွင်း အမြင့်ဆုံးဈေးကတော့ အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျပ် ခြောက်ဆယ့်သုံးသိန်း ရှစ်သောင်းဝန်းကျင်ဈေး ဖြစ်ပါတယ်။

“ဒေါ်လာဈေးလည်း ကျ‌တယ်။ ကမ္ဘာ့ရွှေဈေးကလည်း အရင်ကထက်စာရင် အကျဘက်ကို နည်းနည်းလေး ပြန်ရောက်လာတယ်ဆိုတော့ ရွှေဈေးက ဒီတပတ်မှာ သိသိသာသာ ထပ်ကျလာတယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ထိပ်စီး ပြောင်းသွားမယ်ထင်တယ်။ လက်ရှိ ကာလကတော့ ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ကိုဘဲ ဂရုစိုက်ရမယ့်ကာလပါ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒီတပတ် ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ကမ္ဘာ့ရွှေ တအောင်စ ၂၆၆၀ ဒေါ်လာအထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။ အရင်တပတ်က တအောင်စ ၂၆၅၃ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့တာဖြစ်ပြီး ဒီတပတ်မှာတော့ တအောင်စ ၂၆၅၆ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ကာ ဈေးနှုန်းကွာဟချက် တအောင်စ ၃ ဒေါ်လာသာ ရှိခဲ့ပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

ဒီတပတ်ရဲ့ ပြင်ပ ငွေလဲဈေးကွက်အတွင်းမှာတော့ အမေရိကန်ဒေါ်လာဈေးတွေ တောက်လျှောက် ကျဆင်းလာပြီး တပတ်အတွင်း အနိမ့်ဆုံးဈေး ၄၅၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။ အရင်တပတ်ကတော့ တဒေါ်လာရောင်းဈေး ၄၇၀၀ – ၄၈၀၀ ကျပ် ဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်စီနဲ့ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက အမေရိကန်ဒေါ်လာဈေးဟာ ကျပ် ၇၀၀၀ ဝန်းကျင်အထိ ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းပေးခဲ့တဲ့ နောက်မှာတော့ ငွေလဲနှုန်း ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။

ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်း ဒေါ်လာဈေးဟာ လက်ရှိမှာ ၃၅၅၄ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်မှာ တဒေါ်လာ ၄၅၀၀ ကျပ် စွန်းစွန်းသာ ရှိနေတဲ့အတွက် ဗဟိုဘဏ်ဈေးနဲ့ ပြင်ပဈေးဟာ ကျပ် ၁၀၀၀ ဝန်းကျင်သာ ကွာခြားပါတော့တယ်။

ကုန်သွယ်ရေးမှာ အသုံးများတဲ့ တခြား နိုင်ငံခြား ငွေလဲဈေးတွေကတော့ ထိုင်းဘတ် ၁၃၀ ကျော်ဝန်းကျင်၊ တရုတ်ယွမ် ၆၃၀ ကျော်ဝန်းကျင်၊ အိန္ဒိယရူပီး ၅၀ ကျော်ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

အခုတပတ် ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ ကျပ် ၁၀၀ ကျော်ဝန်းကျင် ပြန်လည် မြင့်တက်လာပြန်ပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ရည်ညွှန်းစျေးအရ ၉၂ ဓာတ်ဆီ တလီတာ ၃၁၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၃၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၄၀ ကျပ်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၉၅၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၅၀ ကျပ်၊ ဒီဇယ် တလီတာ ၂၅၇၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၁၉၀ ကျပ် ဖြစ်ပါတယ်။

ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၁၄၅ ကျပ်၊ ၉၅ တလီတာ ၁၅၅ ကျပ်၊ ဒီဇယ် တလီတာ ၁၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၁၅၀ ကျပ်ဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် မြင့်တက်လျက် ရှိပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

ရွှေ‌၊ ငွေဈေးနှုန်းတွေ ပြန်လည် ကျဆင်းနေတာဟာ လက်ရှိမှာ ရက်ပေါင်း နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ရွှေ‌၊ ငွေ ဈေးတွေနဲ့အတူ အတက်ကြမ်းခဲ့တဲ့ အခြေခံစားသောက်ကုန် အများစုကတော့ လက်ရှိအချိန်အထိ ဈေးနှုန်းပြန်လည် ကျဆင်းလာခြင်း မရှိသေးပါဘူး။

စားအုန်းဆီဈေးကွက်အတွင်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်နေ့အထိ ရည်ညွှန်းဈေးသတ်မှတ်ချက်မှာ စားအုန်းဆီ တပိဿာ ၆၄၅၅ ကျပ်ဖြစ်ပြီး အရင်တပတ်ကထက် ၂၆၅ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။

ပြင်ပဈေးကွက်မှာတော့ စားဆီ တပိဿာ ကျပ် တသောင်းတထောင်ကနေ ကျပ် တသောင်းနှစ်ထောင် ဝန်းကျင်မှာပဲ ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ၇၀၅၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

ဆန်ဈေးတွေကတော့ ဆက်လက် မြင့်တက်နေပြီး ဆန်ကြမ်းအမျိုးအစား ဇီယာ တအိတ်ကို ကျပ် ကိုးသောင်း၊ ရက် ၉၀ (ထူးရှယ်) တအိတ်ကို တသိန်းရှစ်ထောင်ကျပ် ဖြစ်ပါတယ်။ ဆန်ချောအမျိုးအစား ရွှေဘိုအိုးဝင် တအိတ် ကျပ် တသိန်းကိုးသောင်းခွဲ၊ ရွှေဘို ထူးထူးရှယ် တအိတ် ကျပ် တသိန်းခုနစ်သောင်းခွဲအထိ ရှိတယ်လို့ သိရပါတယ်။

ရပ်ကွက်ဈေးတွေမှာ ကြက်ဥ၊ ဘဲဥဈေးတွေ အနည်းငယ် ပိုမိုမြင့်တက်လာပါတယ်။ ကြက်ဥ အသေးဆုံးအရွယ်က တလုံး ၄၀၀ ကျပ်ဈေးဖြစ်လာပြီး အရွယ်အလတ်စား ကြက်ဥတွေက တလုံး ၄၃၀ ကျပ်ဈေး ဖြစ်လာပါတယ်။ ဘဲဥအသေးဆုံး တလုံး ၄၈၀ ကျပ်ဈေးမှာရှိပြီး ဘဲဥတလုံး ၅၀၀ ကျပ်၊ ၅၃၀ ကျပ်၊ ၅၅၀ ကျပ်၊ ၅၈၀ ကျပ်ဈေးတွေနဲ့ ဈေးအမြင့်ပိုင်းမှာ ရှိနေပါတယ်။

ရပ်ကွက်ဈေးတွေမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးတွေ အနည်းငယ်ကျပါတယ်။ ဗမာ – ထူး ကြက်သွန်ဖြူ တပိဿာကို အရွယ်အစားအလိုက် တသောင်းခြောက်ထောင်၊ တသောင်းခုနစ်ထောင်ကျပ် ဈေးတွေနဲ့ ဈေးကျလာတာပါ။ ကြက်သွန်နီဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ၂၈၀၀ ကျပ်ကနေ ၃၇၀၀ ကျပ်ဈေးနဲ့ ပုံမှန်အတိုင်းဖြစ်ပါတယ်။

အာလူး အလုံးအသေးလေးတွေကတော့ တပိဿာ ၅၂၀၀ – ၅၅၀၀ ကျပ်ဈေးမှာ ရှိနေပါတယ်။ အလုံးကြီးတွေက တပိဿာ ၈၀၀၀ – ၁၀၀၀၀ ကျပ်‌ဈေးနဲ့ ပုံမှန်အတိုင်းဖြစ်ပါတယ်။

ကုန်စိမ်းဈေးကွက်မှာတော့ တချို့ အသီးအရွက်ဈေးတွေက အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ ချဉ်ပေါင်ရွက် တစည်း ၃၀၀ – ၄၀၀ ကျပ်၊ ထိုင်ဝမ်ကန်စွန်းရွက် တစည်း ၆၀၀ ကျပ်၊ တရုတ်ကန်စွန်းရွက် တစည်း ၁၂၀၀ ကျပ်ဈေးတွေနဲ့ ပုံမှန်အမြင့်ဈေးအတိုင်း ဖြစ်ပါတယ်။

ဂေါ်ဖီထုပ်ကတော့ တထုပ် ၂၀၀၀ -၂၅၀၀ ကျပ်ဈေးမှာရှိပြီး ပန်းဂေါ်ဖီ တပွင့် ၃၅၀၀ – ၄၀၀၀ ကျပ်ဈေးနဲ့ ပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။ နံနံပင်ကလည်း တပိဿာ ကျပ် သုံးသောင်းဈေးမှာပဲ ဆက်ရှိနေပါတယ်။

ငါးဈေးတွေကတော့ တော်တော်များများ ပုံမှန်ဈေးအတိုင်း ရှိနေပါတယ်။ ငါးမြစ်ချင်း တဆယ်သား ၁၂၀၀ ကျပ်၊ ငါးကြင်း တဆယ်သား ကျပ် ၂၀၀၀ ဝန်းကျင်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ ပုစွန်တွေကတော့ ဈေးတက်လာပြီး ပုစွန်ဖြူ တဆယ်သား ၄၅၀၀ – ၅၀၀၀ ကျပ်ဈေး ရှိနေပါတယ်။ ပုစွန်တုပ် အလတ်ဆိုဒ်ကတော့ တဆယ်သား ၅၀၀၀ ကျပ်ဈေး ဖြစ်ပါတယ်။

အသားတိုးကြက်ဈေးကတော့ တဆယ်သား ၂၀၀၀ ကျပ်ဈေးမှာပဲ ရှိနေပြီး တချို့သော အသားဈေးတွေကတော့ အနည်းငယ် ပြန်ကျနေပါတယ်။ ဝက်သား သုံးထပ်သား တဆယ်သားကို ၂၇၀၀ ကျပ်ဈေး ရှိနေပါတယ်။

အမဲသားဈေးတွေလည်း ပြန်ကျနေပြီး အမဲမိုးခိုသား တဆယ်သား ၂၂၀၀ – ၂၃၀၀ ကျပ်ဈေး ရှိနေပါတယ်။ ဆိတ်သားဈေးကတော့ ၃၀၀၀ – ၃၂၀၀ ကျပ်နဲ့ အမြင့်ဈေးမှာရှိနေကာ အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW