MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်

အောက်တိုဘာ ၂၃၊ ၂၀၂၄
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ အောက်တိုဘာ ၂၂ ရက်နေ့မနက် အစောပိုင်းနဲ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းနှစ်ရက် ဆက်တိုက် နစက ဘက်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လူ အထိအခိုက်တော့ မရှိဘူး။ ရိုးရာ အရက်ချက် စက်ရုံဘက်။ မယ်ဟန် ဘက်မှာ” လို့ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီ ၃၅ မိနစ်ခန့်က ကြဲသွားတာဖြစ်ပြီး ပျက်စီးမှု အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
“ရိုးရာအရက်စက်ရုံ ခိုဆမ်တန်ကို လေယာဉ် ဗုံး ကြဲချသွားတယ်။ ၁၀ နာရီခွဲ ဝန်းကျင်မှာလည်း လေယာဉ်ဝဲနေဆဲပါ” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
ယမနေ့ မနက် အစောပိုင်းက မန်ဆူဘက်လည်း လေကြောင်းနဲ့ ဗုံးကြဲခံရလို့ နေအိမ် ၆ လုံးထက် မနည်း ထိခိုက်ပျက်စီး သွားပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၃ ရက်နေ့ မနက် အစောပိုင်း ၁ နာရီ မထိုးခင် ကလည်း လားရှိုး မန်ဆူ အနီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း နစကနဲ့ နီးစပ်သူ တယောက်ကလည်းပြောပါတယ်။
လားရှိုးမှာတော့ ကိုးကန့် MNDAA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် အကြိမ် ၂၀ ဝန်းကျင် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက် ခံရကာ နေအိမ် အဆောက်အဦး နဲ့ လူ အထိအခိုက် အများအပြား ရှိနေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW