တူရကီ အာကာသလေကြောင်းကုမ္ပဏီ တိုက်ခိုက်ခံရမှု ငါးယောက်သေပြီး ၂၂ ယောက်ဒဏ်ရာရ



အန်ကာရာ ၊ အောက်တိုဘာ-၂၄-၂၀၂၄
ရတီ(VOM)

တူရကီနိုင်ငံ မြို့တော်အန်ကာရာအနီး အာကာသလေကြောင်းကုမ္ပဏီတခုရဲ့ ဌာနချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူငါးယောက်သေဆုံးသွားပြီး ၂၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်သူတွေထဲက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး ဒါဟာ ကာ့ဒ်သူပုန်အဖွဲ့ ပီကေကောရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာရာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြို့တော်အန်ကာရာအပြင်ဘက် ကီလိုမီတာ ၄၀ အကွာရှိ တူရကီ အာကာသနဲ့ လေကြောင်းကုမ္ပဏီ တီအေအိုင် ဝင်ပေါက်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားနှစ်ယောက် ထက်မနည်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

သေဆုံးသူ လေးယောက်ဟာ လေကြောင်းကုမ္ပဏီ ဝန်ထမ်းတွေဖြစ်ပြီး ငါးယောက်မြောက် သေဆုံးသူကတော့ အငှားယာဉ်မောင်းတယောက်ဖြစ်တယ်လို့ တူရကီ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၂၂ ယောက်ထဲမှာ တူရကီ အထူးတပ်ဖွဲ့ဝင် ခုနှစ်ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း လက်ရှိချိန်ထိ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒီအတောအတွင်း အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပီကေကေအဖွဲ့ကို တူရီကီ၊ အမေရိကန်နဲ ဗြိတိန်တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ကာ့ဒ်လူနည်းစုရဲ့ အခွင့်အရေးတွေအတွက်ဆိုကာ ၁၉၈၀ ခုနှစ်တွေကတည်းက တူရကီအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW