MGI 2024 ပြိုင်ပွဲဝင် မြန်မာအလှမယ် သဲစုငြိမ်း တတိယဆု သရဖူ ပြန်အပ်မယ်လို့ သိရ



အောက်တိုဘာ ၂၆ – ၂၀၂၄
SN (VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲမှာ မြန်မာအလှမယ် သဲစုငြိမ်းက တတိယဆုသာ ရရှိခဲ့တာကြောင့် မျှတတဲ့ ပြိုင်ပွဲမဟုတ်တဲ့အတွက် သရဖူ ပြန်အပ်မယ်လို့ National Director ထူးအံ့လွင်က ပြောပါတယ်။

Miss Grand International 2024 ပြိုင်ပွဲကို (၁၂) ကြိမ်မြောက်အဖြစ် ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံမှ နိုင်ငံကိုယ်စားပြု အလှမယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ သဲစုငြိမ်းအနေနဲ့ MGI 2024 Crown ဆုအပြင် Miss Popular Vote နဲ့ Country Power ဆုတွေကိုပါ မရရှိခဲ့တဲ့အတွက် ရိုးသားမှုမရှိတဲ့ ပွဲရဲ့လုပ်ရပ်တွေသာဖြစ်တယ်လို့ ND ထူးအံ့လွင်က ပြိုင်ပွဲအပြီးမှာ လူမှုကွန်ရက်တဆင့် Live လွှင့် ပြောကြားခဲ့တာပါ။

“လက်ခံသင့်တဲ့ ရလဒ်မဟုတ်ရင် ကျွန်တော်တို့က လက်မခံဘူး။ ဘာမှမဟုတ်တဲ့ ဒီ Crown ကိုလည်း ယူလာစရာ မလိုဘူး။ မြန်မာနိုင်ငံကို သယ်လာမှာ မဟုတ်ဘူး။ Mr.Nawat နားမှာလည်း တလ ထပ်နေစရာ အကြောင်းမရှိဘူး။ မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ Miss Grand International ပွဲမရှိတော့ဘူး” လို့ သူက အဲဒီ Live မှာ ပြောဆိုခဲ့ပါတယ်။

ဒါအပြင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတခုမှာလည်း ပွဲပြီးချိန် သဲစုငြိမ်းရဲ့ စင်ပေါ်က ဆင်းလာချိန်မှာ သူမရဲ့ခေါင်းပေါ်က Crown ကို ထူးအံ့လွင်က ချွတ်ယူပြီး တခြားတယောက်ကို ပေးခဲ့သလို စလွယ်ကိုလည်း ချွတ်ယူလိုက်တာ တွေ့ရပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာအလှမယ် သဲစုငြိမ်းဟာ Top – 10 ကနေ Top – 5 အဆင့်ကို ဘရာဇီး၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံတို့နဲ့အတူ ရောက်ရှိလာခဲ့ပြီး အိန္ဒိယမယ်၊ ဖိလစ်ပိုင်မယ်တို့နဲ့အတူ Top – 3 အဆင့်ထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ MGI 2024 Crown ဆုကို အိန္ဒိယအလှမယ်က ရရှိခဲ့ပြီး 1st Runner-up ဆုကိုတော့ ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ကာ မြန်မာအလှမယ် သဲစုငြိမ်းကတော့ 2nd Runner Up ဆုကိုသာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါအပြင် သဲစုငြိမ်းဟာ အဲဒီပြိုင်ပွဲမှာ I’Aura Queen နဲ့ Best Skin ဆုတွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အခု ၂၀၂၄ ခုနှစ်မှာ ကျင်းပတဲ့ Miss Grand International ပြိုင်ပွဲဟာ ပြိုင်ပွဲကာလအတွင်း အလွန်ကို ပွဲဆူတဲ့ ပွဲတပွဲဖြစ်ခဲ့ပြီး ပြိုင်ပွဲ ပြီးဆုံးချိန်မှာလည်း မျှတတဲ့ပြိုင်ပွဲတပွဲ မဟုတ်ခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း များစွာ ထွက်ပေါ်ခဲ့ကာ မြန်မာနိုင်ငံနည်းတူ မက္ကစီကို၊ ကိုလံဘီယာ၊ U.S. Virgin Islandsတွေကလည်း ပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် အသီးသီး ကြေညာခဲ့ပြီး နောင်နှစ်ကစလို့ အလှမယ်မပို့တော့ဘူးလို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW