မက်ဒရစ်၊ အောက်တိုဘာ-၃၁-၂၀၂၄
ရတီ(VOM)
စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀ နီးပါး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေကြောင်း စပိန်တာဝန်ရှိသူတွေက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်တကည်းက စတင်ခဲ့ပြီး တချို့မြို့တွေမှာတော့ ရှစ်နာရီအတွင်း တနှစ်တာမိုးရေချိန်ထိ ရွာသွန်းခဲ့တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် လမ်းတံတားနဲ့ အဆောက်အအုံတွေ ပြိုကျခဲ့ပြီး ဒေသခံတွေဟာ အသက်ဘေးကနေလွတ်မြောက်ဖို့ သစ်ပင်တွေ သို့မဟုတ် နေအိမ်ခေါင်မိုးတွေထိ ဘေးလွတ်ရာ နေထိုင်ခဲ့ရပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်နေပြီး ကယ်ဆယ်ရေးသမားတွေအပြင် စပိန်စစ်တပ်က တပ်ဖွဲ့ဝင် ၁၀၀၀ ကိုလည်း ဖြန့်ကြက်ထားပါတယ်။ ရေဘေးကြောင့် သေဆုံးသူတွေအတွက် နိုင်ငံတွင် သုံးရက်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ကို စပိန်ဝန်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ကြေညာခဲ့ပါတယ်။
ပျောက်ဆုံးသူအများအပြားရှိနေတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း စပိန်အစိုးရက ပြောပါတယ်။ ဒါဟာ နိုင်ငံအရှေ့တောင်ပိုင်းမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့တဲ့ ၁၉၇၃ ခုနှစ် ရေဘေးအပြီး လက်ရှိရေကြီးရေလျှံမှုဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။
စပိန်မှာ ဖြစ်ပွားနေတဲ့ သဘာ၀ဘေးအန္တရာယ်တွေမှာ အာဏာပိုင်တွေရဲ့ သတိပေးချက်နဲ့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့ နှေးကွေးတဲ့အပေါ် ယခင်ကတည်းက ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံ အရှေ့အလယ်ပိုင်းမှာ မိုးရွာသွန်းမှု လျော့နည်းသွားပေမယ့် မိုးရွာသွန်းမှုတွေဟာ အရှေ့မြောက်မှ ကာတာလိုနီးယားဒေသကို ရွေ့လျားနေပြီး နိုင်ငံတဝန်းအခြားဒေသအများအပြားမှာ ရေကြီးရေလျှံသတိပေးချက်ကို မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images