အောက်တိုဘာ ၃၁ – ၂၀၂၄
SS (VOM)
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး – ဗန်းမော်လမ်းပိုင်း ကားခ ကျပ် သုံးသိန်းကျော်အထိ မြင့်တက်လာတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေဆီက သိရပါတယ်။
လက်ရှိမှာ နစကတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် အဲဒီလမ်းပိုင်းကို နှစ်ဖက်တပ်ဖွဲ့တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားတဲ့အတွက် ခရီးသည်တင်ကားတွေဟာ ရှောင်ကွင်းလမ်းက မောင်းနှင်နေရပြီး လမ်းတလျှောက် ပေးချေရတဲ့ ဂိတ်ကြေးတွေကြောင့် အခုလို ကားခတွေ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်တုန်းကတော့ ဗန်းမော်ကနေ တကောင်းလမ်းအတိုင်း မောင်းရင် မန္တလေးကို တရက်တည်းနဲ့ ရောက်တယ်။ လမ်းကလည်း ကောင်းတယ်လေ။ အခုကတော့ သုံးရက်လောက်ကြာတယ်။ ရွှေဘို – မြစ်ကြီးနား လမ်းမကြီးပေါ်က အင်းတော်ကွင်းလမ်းကနေ ရှောင်ကွင်းပြီးသွားရတာ။ လမ်းမှာ ဇက်တွေနဲ့လည်း ကူးရတယ်။ မိုးရွာထားရင် လမ်းမကောင်းလို့ ထွန်စက်တွေနဲ့ဆွဲရတာလည်း ရှိတယ်။ အဲဒါတွေအပြင်ကိုမှ ဂိတ်ကြေးတွေကလည်း ဟိုဘက်ရော၊ ဒီဘက်ရော ပေးရသေးတယ်။ ဒီလို အခြေအနေတွေကြောင့် ကားခက ဈေးပိုတက်သွားတာ။ လူတယောက်ကို သုံးသိန်း၊ သုံးသိန်းခွဲဝန်းကျင်ဈေး ရှိတယ်” လို့ ခရီးသည်တင် ယာဉ်လိုင်းတလိုင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် အခုလို သွားလာနေရတာဟာ လမ်းပိုင်းလုံခြုံရေး အာမခံချက်မရှိဘဲ သွားလာနေရတာဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါက ကားတွေကို ရောက်တဲ့နေရာမှာ ရပ်နားထားရသလို လမ်းမကောင်းတာ၊ လမ်းမှာ ကားပျက်တာတွေ ရှိနေတဲ့အတွက် မကြာခဏ လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လက်ရှိ သွားလာခွင့်ပြုထားတဲ့ အင်းတော်မြို့ပတ်လမ်းကနေ ကုန်စည်တချို့နဲ့ ခရီးသည်တွေက်ို ကားသေးနဲ့သာ ခွင့်ပြုပေးခြင်းဖြစ်ပြီး လမ်းပိုင်းပျက်စီးလွန်းတာကြောင့် ကားကြီးတွေ ဖြတ်သန်းခွင့်မပေးဘူးလို့ ကားသမားတွေက ဆိုပါတယ်။
အခုလို စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ဖြတ်လမ်းကနေ ခက်ခက်ခဲခဲ တင်နေရတာကြောင့် မြစ်ကြီးနားမြို့ပေါ်မှာ ကြက်သွန်နီ တပိဿာ ၆၀၀၀ ကနေ ကျပ် တသောင်းခွဲ၊ ခရမ်းချဥ်သီး တပိဿာ ၈၀၀၀ ကနေ ကျပ် နှစ်သောင်းခွဲ၊ ဓာတ်ဆီ တလီတာ ၄၅၀၀ ကနေ ၈၀၀၀ ကျပ်၊ ဘိလပ်မြေ တအိတ် ကျပ် သုံးသောင်းကနေ ကျပ် ခုနစ်သောင်း စသဖြင့် ဈေးမြင့်တက်နေပြီး တခြားသော ကုန်စည်တွေလည်း အလားတူ မြင့်တက်နေတယ်လို့ သိရပါတယ်။
လက်ရှိ ကချင်ပြည်နယ်လုံးမှာ အသုံးပြုနေတဲ့ စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ ဆီတွေဖြစ်ပြီး နယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေး အဆမတန် မြင့်တက်တာ၊ ပြတ်လပ်တာတွေ ဖြစ်လာမှာကို မြစ်ကြီးနားမြို့ခံတွေက အထူးစိုးရိမ်နေကြပါတယ်။
လက်ရှိမှာ လိုင်ဇာ၊ လိုင်စင်၊ ခါရှန်၊ မိုင်ဂျာယန်၊ ကံပိုင်တည်၊ လွယ်ဂျယ်၊ ပန်ဝါ အပါအဝင် နောက်ထပ်ဂိတ်တချို့ကို တရုတ်က အောက်တိုဘာ တတိယပတ်ကတည်းက ပိတ်ပင်ထားတာဖြစ်ပါတယ်။
Photo:CJ