တောင်ကိုရီးယားသမ္မတရုံးကို စီးနှင်းရှာဖွေ၊ အဖမ်းခံရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း သတ်သေဖို့ ကြိုးစား

ဆိုးလ်၊ ဒီဇင်ဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)
နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတရုံးကို ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဝင်ရောက်စီးနှင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သမ္မတရုံး၊ အမျိုးသားရဲတပ်ဖွဲ့၊ ဆိုးမြို့တော်ရဲတပ်ဖွဲ့၊ အမျိုးသားလွှတ်တော် လုံခြုံရေးဌာနတို့ကို ဝင်ရောက်စီးနင်းခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲနဲ့ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲတို့ကိုလည်း ဒီနေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်အပါအဝင် သူ့ရဲ့ မဟာမိတ်တွေဟာ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆို်ငနေရပြီး သူတို့ထဲက အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ သမ္မတကတော့ ဒီကြေညာချက်အတွက် ပြည်သူတွေကို တောင်းပန်ခဲ့ပေမယ့် ရာထူးဆင်းပေးဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။
သူ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ ပွတ်ကာသီကာပဲ လွတ်မြောက်ခဲ့ပါတယ်။ အတိုက်အခံတွေကတော့ ယခုသီတင်းပတ်ကုန်မှာ စွပ်စွဲပြစ်တင်မှု အဆိုထပ်တင်မယ်လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာချက်ကို တာဝန်ယူခဲ့တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကတော့ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးပမ်းခဲ့တယ်လို့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက် လွှတ်တော်ကို ပြောပါတယ်။
ဒီလို စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ ဖက်ဆစ်အာဏာရှင်ရဲ့ ရူးသွပ်တဲ့ ကြိုးပမ်းမှုလို့ မြောက်ကိုရီးယား သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြထားကြပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW