ဒီဇင်ဘာ-၁၁-၂၀၂၄
ZY(VOM)
အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေလို့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ အထားမခံတဲ့ကုန်စိမ်းတွေဟာ အခုဒီဇင်ဘာလ၊ ဒုတိယပါတ်အတွင်း ဈေးဆက်တိုက်ကျဆင်းလာနေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စိမ်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကားလမ်းကြောင်း တွေကနေ တင်ပို့ဖို့ အဆင်မပြေသေးတဲ့အတွက် ရှမ်းတောင် လမ်းကြောင်းတစ်ခုတည်းကိုသာ အဓိကထား အသုံးပြုနေရပြီး လက်ရှိမှာ ပြောင်းဆံ သယ်ယူတဲ့ ကားတွေ အလွန်များပြားနေတာကြောင့် ယာဉ်ကြောပိတ် နေတာဖြစ်တယ်လို့ သိရပါတယ်။
“ကားက အရမ်းများတာရယ်၊ အစစ်အဆေးကလည်း တော်တော်လေးများတယ်။ ဒါကြောင့် လမ်းက ပိတ်နေတာ။ လမ်းမှာပဲ ကြာနေတော့ ကုန်စည်စီးဆင်းမှုက နှေးကွေးလာပြီး ကုန်စိမ်းတွေ စျေးကျဆင်းလာတာ။ ဒီအတိုင်းဆိုရင် နောက် တစ်ပါတ်၊ နှစ်ပါတ်လောက်အထိ ဈေးထပ်ကျနိုင်သေးတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။
အဲဒီလို လမ်းကြောပိတ်ဆို့နေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကနေ တင်ပို့တဲ့ မုံညှင်း၊ ဘိုစားပဲ၊ ချင်း(ဂျင်း)၊ ရွှေပဲသီး၊ မှုံလာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ဂျူးမြစ်စတဲ့ ကုန်စိမ်းတွေဟာ ဈေးဆက်တိုက်ကျဆင်းလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ရက်က မှုံညှင်းတစ်ပိဿကို ၁၅၀၀ကျပ်ကနေ ၂၀၀၀ကျပ်၊ ဘိုစားပဲ တပိဿကို ၂၀၀၀ကျပ်ကနေ ၂၅၀၀ကျပ်၊ ချင်း(ဂျင်း)တပိဿကို ၃၀၀၀ကျပ်ကနေ ၃၅၀၀ကျပ်၊ ရွှေပဲသီးတပိဿကို ၄၀၀၀ကျပ်ကနေ ၅၀၀၀ကျပ်၊ မှုံလာဥနီတပိဿကို ၃၀၀၀ကျပ်ဝန်းကျင်၊ ဂေါ်ဖီထုပ်တထုပ်ကို ၁၈၀၀ကျပ်ကနေ ၂၀၀၀ကျပ်၊ ပန်းဂေါ်ဖီတပွင့်ကို ၂၀၀၀ကျပ်ဝန်းကျင်၊ ငရုတ်သီးစိမ်း(ကုလားအော်) တပိဿကို ၁၃၀၀၀ကျပ်ဝန်းကျင်၊ ဂျူးမြစ်တပိဿကို ၆၅၀၀ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၀ရက်မှာတော့ မှုံညှင်းတပိဿကို ၁၀၀၀ကျပ်ကနေ ၁၅၀၀ကျပ်၊ ဘိုစားပဲ တပိဿကို ၂၀၀၀ကျပ်ဝန်းကျင်၊ ချင်း(ဂျင်း)တပိဿကို ၂၅၀၀ကျပ်ကနေ ၃၀၀၀ကျပ်၊ ရွှေပဲသီးတပိဿကို ၃၇၀၀ကျပ်ကနေ ၄၀၀၀ကျပ်၊ မှုံလာဥနီတပိဿကို ၂၅၀၀ကျပ်ကနေ ၃၀၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်ကို ၁၅၀၀ကျပ်ကနေ ၁၈၀၀ကျပ်၊ ပန်းဂေါ်ဖီတပွင့်ကို ၁၈၀၀ကျပ်ဝန်းကျင်၊ ငရုတ်သီးစိမ်း(ကုလားအော်) တပိဿကို ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ဝန်းကျင်၊ ဂျူးမြစ်တပိဿကို ၄၀၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းလာတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-AT