ဖေဖော်ဝါရီ ၇ – ၂၀၂၅
SS (VOM)
မန္တလေးမြို့ပေါ်ရှိ နာမည်ကြီးဆေးရုံ ခုနစ်ရုံကို နစက က သုံးလ ယာယီ ပိတ်သိမ်းခိုင်းလိုက်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်နဲ့ ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်၊ ဇီဝကအပြင် ပုသိမ်ကြီးမြို့နယ်က ငြိမ်းချမ်း စတဲ့ ဆေးရုံတွေ ပိတ်သိမ်းရမှာဖြစ်တယ်လို့ သိရပါတယ်။
“လိုင်စင် သက်တမ်းတိုးကာလမို့ စိစစ်ချိန် ခေတ္တ ပိတ်ရမှာပါ။ အခု ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကနေစပြီး ပိတ်သိမ်းရမှာပါ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း CDM ဆရာဝန်တွေကို လက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးရုံဖြစ်တဲ့ နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ၊ ထက်နေလင်းဆေးရုံတို့ကို ငါးလကြာ ပိတ်သိမ်းခဲ့ပြီး ညှိနှိုင်းပြီး ပြေလည်မှုရမှသာ ပြန်လည် ဖွင့်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်မြို့မှာလည်း နာမည်ကြီး ဆေးရုံတချို့ ယာယီ ပိတ်သိမ်းခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးကို VOM က ဆက်သွယ်မေးမြန်းရမှာ တာဝန်ရှိသူတယောက်က “ကျွန်မတို့ဆီတော့ ဒီတိုင်းပဲနော်။ ဖွင့်နေတယ်။ ဆေးရုံပိတ်တာ မဟုတ်ပါဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံကို နစက က ဖေဖော်ဝါရီလနဲ့ မတ်လမှာ နှစ်လ ယာယီ ပိတ်သိမ်းခိုင်းခဲ့ပါသေးတယ်။
အလားတူ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစပြီး အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းထားမှု ပြုလုပ်ခဲ့ပါသေးတယ်။
Photo:CJ