မြောက်ဒဂုံ ဗထူးလမ်းမပေါ်မှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ သုံးယောက် သေဆုံး

ဖေဖော်ဝါရီ ၇ – ၂၀၂၅
KKO(VOM)
ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ်မှာ မနေ့ကညပိုင်းက ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ သုံးယောက် ယောက်သေဆုံးခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးသမားတွေက ပြောပါတယ်။
နယ်ခံလူမှုရေးအသင်းတွေရဲ့ပြောပြမှုအရ မြောက်ဒဂုံ ဗိုလ်မှူးဗထူးလမ်းအတိုင်း (၄၆)လမ်းဆုံကနေ မြောက်ဥက္ကလာဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်တစီးက လမ်းတလျှောက်တိုက်သွားရာမှ လေးယောက်ဒဏ်ရာရပြီး သေဆုံးသူနှစ်ယောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒါအပြင် ဗိုလ်မှူးဗထူးလမ်းပေါ်မှာ အခြားယာဉ်တိုက်မှုတခုကြောင့် လည်းသေဆုံးသူ တယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
“တယောက်က နေရာမှာပွဲချင်းပြီး သေဆုံးတယ်။နောက်တယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။တိုက်သွားတဲ့ကားက ထွက်ပြေးသွားခဲ့ပါတယ်”လို့ ဝန်းရံမှူးလူမှု့ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် အခင်းဖြစ်ရပ်သို့ ဝန်းရံမှူးအသင်းက လူနာတင်ယာဉ်နှစ်စီး၊နာရေးယာဉ်တစီးနဲ့ အဖြူရောင်နှလုံးသားအသင်းက လူနာတင် ယာဉ်တစီးတို့ နဲ့ သွားရောက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရလူနာတွေကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းလမ်းမှာ လူတွေကို ဝင်တိုက်ပြီး ထွက် ပြေးသွားတဲ့ ကားနံပါတ်ဟာ NPT 4S-6492 BYD TANG ကားအမျိုးအစားဖြစ်တယ်လို့ ကားလောကသားတွေရဲ့ပြောပြချက်အရ သိရပြီး အခင်းဖြစ်ပွားစဉ်မှာ တိုက်ပြေးသွားတဲ့ ကားနံပါတ်ပြားဟာ ကျကျန်ရစ်ခဲ့တာဖြစ်တယ်လို့လည်း ကားလောကသားတွေက ပြောပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ မြောက်ဒဂုံ ဗထူးလမ်းမပေါ် ဗထူးစျေးမီးပွိုင့်မှာ ကားအတိုက်ခံရပြီး ဆေးရုံအရောက်သေဆုံးသွားခဲ့သူဟာ သူမသေခင်မှာ ၅ ရပ်ကွက် ၊ မာလာမြိုင်လမ်း၊ အမှတ် – ၄၉၄ ၊ မြောက်ဒဂုံမှာသူနေထိုင်လို့ ပြောပြသွားခဲ့ပြီး သူရဲ့အမည်က ဦးအောင်မျိုးဦး၊အသက် ၆၅ နှစ်ဖြစ်တယ်လို့ နယ်မြေခံ လူမှုကူညီရေးသမား တယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ကြိုးစားပြီး လိုက်လံဆက်သွယ်ပါတယ်။လူနာက သေအံ့ဆဲဆဲမှာဘာမှမေးလို့မရပါဘူး။သူပြောတဲ့ လိပ်စာတွေကလည်း မပြည့်စုံတာကြောင့် သူ့ မိသားစုနဲ့ ဆက်သွယ်လို့မရဖြစ်နေတယ်။ မသေဆုံးခင်အချိန်အထိလည်း ကျွန်တော်တို့ တတ်နိင်သမျှ သူ့ကိုကူညီပေးခဲ့ပါတယ်”လို့ နယ်မြေခံ ဝန်းရံမှူးလူမှုကူရေးအသင်းတာဝန်ရှိသူတယောက်က ဗထူးလမ်းယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ထပ်လောင်း ပြောပြပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားပြီး ယခုသေဆုံးသူရဲ့မိတ်ဆွေ မိသားစုကို ဝိုင်းဝန်းရှာဖွေပေးဖို့ကိုလည်း နယ်ခံ လူမှုကူညီရေးသမားတွေက မေတ္တာ ရပ်ခံထားပါတယ်။
သေဆုံးသူနှစ်ယောက်အနက် တယောက်ကတော့ မိသားစုတွေနဲ့ အဆက်အသွယ်ရရှိခဲ့ပြီး ဆေးရုံရောက်မှ သေဆုံးသွားခဲ့သူကတော့ ကျန်ရစ်သူမိသားစုနဲ့ အခုထိ အဆက်အသွယ်မရရှိသေးဘူးလို့ လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုအရသိရပါတယ်။
Photo – ဝန်းရံမှူး အသင်း

Related posts

Leave a Comment

VOM News

FREE
VIEW