ဖေဖော်ဝါရီ ၂၃ – ၂၀၂၅
GG (VOM)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်အကျဉ်းထောင်မှာ ဒီနေ့ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အကျဥ်းသားအချင်းချင်း ပြဿနာဖြစ်ပွားခဲ့ပြီး ထိုးကြိတ်တဲ့အထိရှိခဲ့တာကြောင့် သေနတ်ပစ်ဖောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုအပေါ် နစကပြန်ကြားရေးကတော့ ပြဿနာဖြစ်တာမှန်ပေမယ့် ထိုးကြိတ်ရိုက်နှက်ခြင်းနဲ့သေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိဘူးလို့ သတင်းထုတ်ပြန် ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတော့ ပြည်အကျဥ်းထောင်တွင်းမှာ ဒီနေ့မနက် ၇ နာရီကျော်လောက်က အကျဥ်းသားအချင်းချင်းထိုးကြိတ်မှုဖြစ်ခဲ့သလို ဝါးဆစ်တုတ်၊ သစ်သားတုတ်၊ ဓါးကိုင်ဆောင်ပြီးလည်း ဝရိုက်နှက်ပြီး ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့တဲ့အပြင် သေနတ်နှစ်ချက်ပစ်ဖောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
PPNM တာဝန်ရှိသူက “ပစ်ခတ်မှုကတော့ကျွန်တော်တို့ အကျဥ်းသားတွေကိုရည်ရွယ်ပစ်ခတ်တာမျိုးမဟုတ်ဘဲ သတိပေးပစ်ခတ်မှုနှစ်ကြိမ်ရှိခဲ့တယ်ဆိုတာပြောလို့ရပါတယ်။မိုးပေါ်ထောင်ဖောက်ပြီးမှသူတို့လူစုခွဲတဲ့ပုံစံမျိုးလုပ်ဆောင်ခဲ့တာရှိတယ်။ကျူးလွန်ခဲ့တဲ့နေရာမှာပါဝင်ခဲ့တဲ့သူတွေကိုတော့အရေးယူဆောင်ရွက်ထားတယ်ဆိုတာကို ကျွန်တော်တို့သိထားရပါတယ်။” လို့ ပြောပါတယ်။
ပြည်အကျဥ်းထောင်တွင်း ဖြစ်စဥ်မှာ နိုင်ငံရေးအကျဉ်းသား ငါးယောက်မှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေက မတရားဖိနှိပ်မှုမပြုရန်၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်းသိရှိရတယ်လို့ PPNM ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီနေ့ဖြစ်ပွားခဲ့တဲ့ ပြည်အကျဥ်းထောင်တွင်းဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံတယောက်က ” ထောင်ဘက်က ပစ်ခတ်သံတော့ကြားလိုက်ရတယ်။ဘာဖြစ်တာလဲဆိုတာတော့သေချာမသိဘူး။” လို့ ပြောပြပါတယ်။
နစကရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ပြည်အကျဥ်းထောင်တွင်းမှာ “တားမြစ်ထားတဲ့နေရာကို သွားလာတဲ့ ၅၀၅ အကျဥ်းသားကို တာဝန်ရှိအကျဥ်းသားက တားဆီးရာမှ စကားများကြခြင်းဖြစ်ပြီး၊ အနီးရှိ ၅၀၅ အကျဥ်းသားတွေက ဝင်ရောက်ပြောဆိုရာမှ တွန်းလားဆွဲလားဖြစ်ခဲ့မှုကို ထောင် ဝန်ထမ်းတွေကထိန်းသိမ်းလိုက်နိုင်တဲ့အတွက် ထိုးကြိတ်ရိုက်နှက်ခြင်း၊ပစ်ခတ်ရခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ထား ပါတယ်။
အကျဥ်းထောင်ဖြစ်စဥ်အတွင်းမှာအမိန့်မနာခံပဲ အချင်းများတဲ့အတွက် ဥပဒေနဲ့အညီ ထောင်တွင်း ပြစ်ဒဏ်ပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Photo – MOI