ဖေဖော်၀ါရီ ၊ ၂၇ ၊ ၂၀၂၅
KH(VOM)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ မုံရွာမြိုနယ်ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ခတက္ကန်ကျေးရွာ ၊ ဗောဓိတထောင် သာသနာ့ကုန်းမြေပေါ်မှာ တည်ရှိတဲ့ ရုပ်သံ ထပ်လွင့်စက်ရုံကို လုံခြုံရေး တာ၀န်ယူထားတဲ့ ရဲကင်းစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေ မနေ့ ဖေဖော်ဝါရီ ၂၆ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်၀င် တချို့ သေဆုံး ၊ ဒဏ်ရာရပြီး ပျောက်ဆုံးနေသူလည်း ရှိတဲ့အပြင် ရဲကင်းစခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေလဲ သိမ်းဆည်းခံရတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။
ရဲစခန်းနဲ့ နီးစပ်သူတယောက်က
” ပါဆုံး ပစ္စည်းတွေက BA – 63 (G3 ) သေနတ် ငါးလက် ၊ MA – 13 သုံးလက် ၊ ၉ မမ ကျည် ၂၁၂၈ တောင့် ၊ G3 ကျည် ၂၅၇၀ တောင့် ၊ ၄၀ မမ ဗုံးသီ ၁၀ လုံး ၊ရှေ့ထွက်မိုင်း နှစ်လုံး ၊ကျည်အိမ် ခြောက်ခု ၊ ရုပ်သံဖမ်းစက် တလုံး အပါ၀င် အလောင်း ၁၁ လောင်း သိမ်းဆည်းရမိတယ်လို့ မုံရွာ PDF အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မုံရွာနယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်တယောက်ကလည်း
” ရဲတပ်ဖွဲ့ဘက်က ခြောက်ယောက်ကျဆုံးပြီး ကျန်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာ အခုထိ သူတို့ မသိရသေးဘူး ” လို့ ပြောပါတယ် ။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို မနေ့က နေ့လယ်ပိုင်းကစတင်ပြီး စစ်တပ်ကပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့ ၂၀၂၂တုန်းက ယင်းမာပင်ခရိုင် ကနီမြို့နယ် ယာကြီးကားလမ်းမှာရှိတဲ့ တာ၀ါတိုင် စခန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် အခုလို လက်နက်ခဲယမ်းတွေ ပါသွားတာဖြစ်ခဲ့ပါသေးတယ်။