ဆူးငှက်
ငလျင်က အတော်ပြင်းတယ်။ ပန်းချီပြခန်းထဲ ထိုင်နေတုန်း ငလျင်စလှုပ်တယ် သိသိချင်း ခဏနဲ့ ပြီးသွားမယ် ထင်တာကိုး။ ဒါကြောင့် တော်တော်နဲ့ မထဖြစ်ဘူး။ ဘယ်ဟုတ်မလဲ ခါရမ်းနေအောင် အကြာကြီးလှုပ်မှ ရှေ့ကလမ်းပေါ် ပြေးထွက်ခဲ့ကြတာ။ ကိုညီညီနိုင်က ကျွန်တော့်ကို အတော်စိုးရိမ် နေတယ်။ ဆရာ ရလား၊ အဆင်ပြေလားလို့ လက်ကိုတွဲထားပြီးမေးတယ်၊ ကျွန်တော့် လက်မောင်း တဖက်ကို သက်သက်ငြိမ်းက ကိုင်ထားပြီး ဆရာ မထနဲ့ဦး၊ မထနဲ့ဦးလို့ တွင်တွင်ပြော တယ်။ မစူစံက အတော်ကြောက်နေတယ်။ သူ့ကို လှမ်းပြီးအားပေးစကား ပြောလိုက်ရတယ်။ သူက အရင်ရက် ကတည်းက သူ့စီစဉ်တဲ့ပြပွဲအတွက် စိတ်မောလူမောဖြစ်နေခဲ့တာ။
ကိုကျော်ခိုင်က အနောက်ဖက် ဦးလှည့်ထားတဲ့ သူ့ကားကို နောက်ဆုတ်မောင်းလာပြီး ဆရာ ကားပေါ် တက်တော့ ဆရာ့ကို ပြန်လိုက်ပို့မယ်ဆရာ လို့ လှမ်းပြောလို့ ကားပေါ် ခပ်သွက်သွက်ပဲ တက် လိုက်တယ်။ ၃၂ အေ လမ်းကြားထဲမှာ ကားတွေ ဆိုင်ကယ်တွေ ပြည့်လို့၊ ဆိုင်ကယ်အချို့က လဲလို့၊ ဆိုင်ကယ်နောက်မှာ တင်ထားတဲ့ ပုံးတွေလည်း ပြုတ်လို့၊ ဒလီပို့တဲ့ ဆိုင်ကယ်တွေနေမှာ။ လမ်းတောင်ဘက် ဆေးခန်းက သူနာပြုတွေ ဝန်ထမ်းတွေလည်း ပြေးဆင်း လာကြတာနေမှာ ယူနီဖောင်း ဆင်တူတွေနဲ့ လမ်းပေါ် တစုကြီးပဲ။ ကားက အနောက်ဘက်ကို ရှောင်တိမ်း ထွက်ပြီး ၇၄လမ်းရောက်တော့ မြောက်ဘက်(ညာဘက်) ချိုးလိုက်တယ်။ ၇၄လမ်းပေါ်မှာလည်း လမ်းပေါ် လူပပြည့်ပဲ။ တချို့ တိုက်တွေက ဆင်ဝင်တွေ ပြိုကျနေတယ်။ အုတ်တံတိုင်းလဲနေတာကအများကြီး။ ဆန်းရှိပ်တွေလည်း ပြုတ်ကျနေတယ်။ တချို့တက်တွေက ပစ္စည်းတွေ ထုတ်နေကြပြီ။
လမ်း၃၀ကျ အရှေ့တက်လိုက်တယ်။ လမ်း၃၀လမ်းမကြီးပေါ် ဟွန်းသံတွေ တညံညံနဲ့ ကားတွေ ဆိုင်ကယ်တွေ အရှေ့အနောက် ပြေးလွှားနေကြပြီ။ မီးသတ်ဥသြသံတွေ ဆူညံပြီး မီးသတ်ကားတွေက ၇၃လမ်းအတိုင်း လမ်း၃၀ကိုဖြတ်ပြီး တောင်ဘက်မောင်းသွားကြတယ်။ ဆေးတက္ကသိုလ် အမျိုးသား ဆောင် နောက်ကျောဘက် မီးလောင်နေလို့တဲ့။ လမ်း၃၀ပေါ်မှာ ကားတွေ ဆိုင်ကယ်တွေ ပိုရှုပ်လာပြီ။ ကျွန်တော်က ကားပေါ်ထိုင်လိုက်ရင်း အိမ်ကို သားဆီရော ဇနီးဆီရော ဖုန်းတွေခေါ်တာ မရတော့ဘူး။ ကိုကျော်ခိုင်က သူ့အိမ်ကိုလည်း စိတ်ပူနေတာတဲ့။ ကျွန်တော့ကိုလည်း ဆရာ့အိမ်ရောက်တော့မှာပါ။ ဆရာ့အိမ်က စိတ်ပူစရာမရှိလောက်ပါဘူးလို့ နှစ်သိမ့်နေတယ်။ လမ်း၃၀အတိုင်း အရှေ့တက် လိုက်တာ ဗထူးကွင်းအနောက်ထိပ် ၇၁လမ်းရောက်တော့ ရှေ့ဆက်သွားလို့ မရတော့ဘူး။ လမ်းတွေ ပိတ်ထားပြီ။ ရှေ့လမ်းကြည့်လိုက်တော့ အလိုလေး ဗထူးကွင်းတောင်ဘက် လမ်း၃၀ပေါ်က ဆောက် လက်စ အထပ်မြင့်တိုက်ကြီးက ဗထူကွင်းဘက် လမ်း၃၀ပေါ် တစောင်းကြီးလဲကျလို့။ ဒါနဲ့ မြောက်ကို ချိုးလိုက်တော့ နန်းတော်ဆေးရုံဘက်မှာ ၇၁လမ်းပေါ် လူတွေ အများကြီးပဲ၊ ဆူညံ အော်ဟစ်လို့။ ဆေးရုံပေါ်က ပြေးဆင်း လာကြ တာနေမှာ။
၇၁လမ်းအတိုင်း မြောက်ဘက်မောင်းပြီး ၂၈လမ်းကျ အရှေ့တက်လိုက်တယ်။ ဒီလမ်းပေါ်မှာ အပျက်အစီးတော့ သိပ်မတွေ့ရသေးဘူး။ ကားတွေဆိုင်ကယ်တွေတော့ ပြည့်လို့။ အများစုက အရှေ့ဘက် ဦးတည်နေကြတာ။ ကျွန်တော့်လိုပဲ မြို့ထဲဘက် ရောက်နေကြသူတွေ အိမ်ကို အပြေးအလွှား ပြန်ကြတာနေမှာ။ မကြာခင် အိမ်ရောက်တော့မှာ လို့ တွေးပြိး စိုးရိမ်စိတ်ကို လျော့ချနေရတယ်။ ဒီလိုနဲ့ ဂရင်းမိုးဝေကျော် လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ငလျင်ထပ်လှုပ် ပြန်ပြီ။ ရှေ့က ကားတွေ ထိုးရပ်သွားကြပြီ။ လမ်းဘေးက ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေ ခါရမ်း နေတယ်။ သစ်ပင်တွေက ကိုင်းတွေ လှုပ်ရမ်းပြီး တဟီးဟီး အသံတွေအော်လို့၊ မီးသတ်ကား ဥသြသံတွေ အင်ဗျူးလင့် ကားသံတွေ ဝေးရာက နီးလာလိုက် နီးရာက ဝေးသွားလိုက် ဆူညံလို့။ ကိုကျော်ခိုင်က ငလျင်လှုပ်နေဆဲ ကားကို သစ်ပင်ကြီးအောက် ရောက်နေရာကနေ လွတ်ရာရွှေ့ လိုက်တယ်။
ခဏနေလို့ ငလျင်ငြိမ်သွားမှ ကားတွေ အတောင့်လိုက်ကြီး ပြန်ထွက်ကြရတယ်။ ရှေ့ ၆၉လမ်းရောက်တော့ မြောက်ဘက် ချိုးလိုက်တယ်။ ၂၇လမ်းထိပ်ရောက်လို့ ညာဘက်ဘေးက ထွန်းလှဟော်တယ်ကို လှမ်းကြည့်လိုက်တော့ ထွန်းလှဟော်တယ် မူလ တစ်ထပ်တိုက် အဆောက်အအုံလေးက ရှေ့ဆင်ဝင်နဲ့ မျက်နှာစာတွေ ပြိုကျနေပြီ။ ဒီအဆောက်အအုံလေးက ထွန်းလှဟော်တယ်ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ မူလအဆောက်အအုံလေးပါ။ နှစ်ပေါင်း ၉၀ကျော်ရော့ပေါ့။ မတ်လ ၂၁ရက်နေ့ကပဲ သီရိပစ္စရာပန်းချီပြခန်းမှာ “လွမ်း… ရတနာပုံ လွမ်း” ပန်းချီပြပွဲကိုရောက်လို့ ပန်းချီဆရာကြီး MPP ရဲမြင့်နဲ့ ထွန်းလှဟော်တယ်အကြောင်း စကားစပ်မိရင်း ကျွန်တော်က မူလထွန်းလှဟော်တယ်ပုံကို ဖုန်းထဲကပြတော့ ဆရာက အတော် ဝမ်းသာသွားတယ်။ ဒါ့အပြင် မူလ ဗထူးကွင်းပုံကိုလည်း ပြပြီး ၂ပုံစလုံးကို ဆရာ့ဖုန်းထဲ ပို့ပေးလိုက်သေးတယ်။
မန္တလေးမှာ ထွန်းလှဟော်တယ်ကို အရင်က မသိသူမရှိသလောက်ပါပဲ။ “ထွန်းလှဟော်တယ်သို့ မရောက်သေးလျှင်၊ မန္တလေးရောက်ပြီဟု မဆိုနိုင်ပါ” လို့တောင် ကြော်ငြာခဲ့တဲ့ ဟော်တယ်ပါ။ ပြီးတော့ ထွန်းလှဟော်တယ်ကို မန္တလေးက ပိုသိကြတာက ၁၃၀ဝပြည့် အရေးတော်ပုံကာလမှာ အင်္ဂလိပ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို နှိမ်နင်းလို့ ၂၆ဘီလမ်းပေါ် ကျဆုံးကြတဲ့ အာဇာနည်တွေထဲမှာ အသက်၁၂နှစ်အရွယ် မောင်တင်အောင်ဆိုတဲ့ အသက်အငယ်ဆုံး အာဇာနည်ကျောင်းသားလေး ပါတယ်။ သူက ထွန်းလှဟော်တယ်ပိုင်ရှင် ဦးထွန်းလှရဲ့သားလေးပါ။ ကျဆုံးချိန် မောင်တင်အောင်က ယောင်ပေစူး ဆံရစ်ဝိုင်းလေးနဲ့။ နောက်ပိုင်း တမ္ပဝတီ သူကြွယ်ကုန်းမှာ အာဇာနည်၁၇ဦးကို သင်္ဂြုံဟ်ပြီး အာဇာနည်ဗိမာန်တည်ဆောက်တော့ မြေအလှူရော ဗိမာန်အလှူရော ဦးထွန်းလှက အများကြီး ပါဝင်လှူဒါန်းခဲ့ပါတယ်။
၂၀၀၀ခုနှစ်လောက်က ဒေါ်ဒေါ်လူထုဒေါ်အမာ အစီအစဉ်နဲ့ မျက်စေ့ကုသဖို့ ဆရာဒဂုန်တာရာ အောင်ပန်းကနေ မန္တလေးလာတော့ တည်းဖို့ခိုဖို့အတွက် ထွန်းလှဟော်တယ်ပဲ ပို့ပေးပါ၊ သူ ၁၉၅၀က ဝန်ကြီးချုပ်ဦးနုအစီအစဉ်နဲ့ စာရေးဆရာအသင်းနဲ့အတူ မန္တလေးရောက်တော့ ထွန်းလှဟော်တယ်မှာ တည်းခဲ့တာ သတိရလို့ပါတဲ့။ တကယ်တော့ ဒေါ်ဒေါ်ကလည်း ဆရာလာရင် တည်းဖို့ ထွန်းလှ ဟော်တယ်မှာပဲ စီစဉ်ထားတာပါ။ အဲ့ဒီအချိန် ထွန်းလှဟော်တယ်တော့ မဟုတ်တော့ဘူးပေါ့၊ မြမန္တလာ ဟော်တယ် အမည်သစ်နဲ့လေ။ အခု ထွန်းလှဟော်တယ်လို့ မူလအမည် ပြန်ပြောင်းတော့ အဆောက်အအုံသစ်တွေနဲ့ ခမ်းနားနေပါပြီ။ မူလ တထပ်တိုက်လေးက အနောက်ဘက် အဝင်ပေါက် ဘေးမှာ ဂိုဒေါင်သာသာ အပစ်ပယ်ခံ ငုတ်တုပ်လေးဖြစ်နေတာ ကြာပါပြီ။ အခု နှစ်၉၀ကျော်အရွယ် မူလထွန်းလှဟော်တယ် အဆောက်အအုံလေး ငလျင်ဘေးမှာ ရှေ့ခြမ်းပြိုကျ အထိနာသွားပါပြီ။ အသက်ပြန်ရှင်နိုင်ဖွယ် မမြင်တော့။
(ဆက်ရန်)
ဆူးငှက်
