ဇူလိုင် ၉ ၊ ၂၀၂၅
TG (VOM)
ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေနဲ့ မဝေးတော့တဲ့ ရွှေလှိုင်း မြေသန့်တောင်ကျေးလက်ဖွံ့ဖြိုးရေးလမ်းဘေးက ရွာလေး ရွာလောက်မှာ နေအိမ်ရာနဲ့ချီ မီးရှို့ခံနေရတဲ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်လည်း လူထိခိုက် ရရှိမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။
ချောင်းရှည်ရွာ ၊ ဇီးစာမြင်မြောက်ရွာ ၊ ပွဲတိုင်းရွာ ၊ ကျောက်ပြင်ကန်ရွာတို့မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ယာတောကြီးရွာမှက နေအိမ်ပေါ်လက်နက်ကြီးကျရောက်ခဲ့လို့ အမျိုးသမီးအပါသုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ဇီးစာမြင်မျောက်ရွာမှာ တရွာလုံးလိုလိုပဲ မီးလောင်ကုန်ပြီ။ အိမ်ခြေ ၁၅၀လောက်ရှိတာကို နည်းနည်းပဲကျန်တယ်။ချောင်းရှည်က ၁၀ အိမ်လောက်ရှိမယ်။ကျောက်ပြင်ကန်ကအိမ်၂၀လောက်ရှိတယ်။ ပွဲတိုင်းကလည်း အိမ်ခြေ၂၀ ကျော်ရှိတာကို သုံးအိမ်လေးအိမ်လောက်ပဲကျန်တယ်။ အနောက်အုံမှာက အိမ်တော့မရှို့ဘူး။ နွားစာထည့်တဲအိမ်တခုရှို့ခံရတယ်။” လို့ ဒေသခံရွာသား တယောက်ကပြောပါတယ်။
ဒါအပြင် အဆိုပါ ကျေးရွာတွေမှာ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ကြုံတွေ့နေရပြီး ပြီးခဲ့ရက်ပိုင်းကပင် ချောင်းရှည်ရွာက အမျိုးသမီးနှစ်ယောက် ရွာအပြင်မှာသွားလာစဥ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ ရှိခဲ့တာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာကုသမှုခံယူနေရတယ်လို့သိရပါတယ်။
” မိုင်းနင်းမိလို့ဖြစ်တယ်ဆိုတာ ခုမှကြားဖူးဖြစ်ဖူးတာပါ။ ကျွန်တော်တို့ရွာကတွေ မြို့နဲ့မဝေးဘူး။ အများဆုံး၄၅ မိနစ်ပေါ့။ တုရွင်းတောင်နဲ့ဆို လမ်းမကြီးအတိုင်းဆို နာရီဝက်ပဲကြာတယ်။ ရွာလမ်းကြောင်းဆိုအနီးလေး။ အဲလိုနေရာတွေတောင် စစ်ကရောက်လာပြီ။ အခုလည်း တိုက်ပွဲဖြစ်လို့ ထိခိုက်တာဆိုတမျိုးပေါ့။ PDF တွေကလည်းသွားလာနေတယ်။စစ်တပ်ကလည်းစစ်ကြောင်းထိုးတယ်။ ရွာသားတွေကကြားထဲက ဒုက္ခရောက်နေရတယ်။” လို့ နောက်ထပ် ဒေသခံတယောက်ကပြောပါတယ်။
လက်ရှိ အဆိုပါ ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် လက်နက်ကြီး ရံဖန်ရံခါ ပစ်ခတ်မှုတွေရှိကြောင်း ၊ PDF တွေကလည်း နယ်မြေတွင်းကျက်စားမှုရှိသလို စစ်တပ်ကလည်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ကျေးရွာနေပြည်သူတွေအနေနဲ့ နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်သွားကြသူတွေရှိသလို အရေးပေါ်ဖြစ်လာချိန်မှာ စစ်ဘေးရှောင်ပြီး အခြေအနေတည်ငြိမ်ပါက နေအိမ်ကိုယာယီပြန်နေထိုင်လိုက် ပုံစံမျိုးနဲ့ သွားလာနေထိုင်နေရပြီး တောင်ယာလုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်သူနည်းသလို ပဲခွဲစက်လုပ်ငန်းအချို့လည်း ရပ်နားနေကြရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
