ပေါင်မြို့နယ်မှာ ရက်ပိုင်းအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွား

ဇူလိုင် ၂၈ – ၂၀၂၅
SS (VOM)
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်၊ မနက် ၄ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်က နေအိမ် ၅၈ လုံး၊ ပေါင်းရပ်ကွက်ရှိ နေအိမ် ၁၅၈ လုံးနဲ့ ကဒါရပ်ကွက်ရှိ နေအိမ် လေးလုံး၊ စုစုပေါင်း နေအိမ် ၂၂၀ အပြင် စာင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ကာ ဓါတ်တိုင်တွေ၊ အပင်တွေလည်း လဲပြိုခဲ့တယ်လို့ သိရပါတယ်။
“မိုးနိုင်းရပ်ကွက်၊ ၁၀၁ ဆူ အောင်တော်မူ ကျောင်းတိုက်အတွင်းက ဆရာလေးကျောင်းတွေ၊ သံဃာ တပါးနေ ကျောင်းတွေလည်း ပျက်စီးကုန်တယ်။ လမ်းတလျှောက် သစ်ပင်ကြီးတွေလည်း လဲကျနေလို့ သွားလို့လာလို့ မရခဲ့ဘူး။ လေဆင်နှာမောင်းက တမိနစ်လောက်သာ တိုက်သွားလို့ တော်သေးတယ်” လို့ ဒေသခံ ဆရာတော်တပါးက မိန့်ကြားပါတယ်။
လေဘေးသင့်မှုကြောင့် ထိခိုက် ပျက်စီးမှုတွေကို ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည် ပြုပြင်ခြင်းကို စက်ယန္တယားတွေ အသုံးပြု ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၂၅ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်ကလည်း ပေါင်မြို့နယ် ကတွန်ရွာမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံ ခုနစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အိမ်ခြေ ၅၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကျေးရွာ ဘုန်းကြီးကျောင်းရှိ စေတီနဲ့ သာသနိက အဆောက်အအုံတွေလည်း ပျက်စီးမှု ရှိခဲ့သလို သစ်ပင်လဲကျခြင်း၊ ဓာတ်တိုင် လဲပြိုခြင်းတွေလည်း ရှိခဲ့ပြီး လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဇူလိုင် ၂၅ ရက်နေ့မှာပဲ ညနေ ၆ နာရီဝန်းကျင်မှာ သဲဖြူကုန်း၊ အလှပ်၊ မုတ္တမကျွဲခြံနဲ့ ရဲပြားကုန်း ကျေးရွာတွေမှာ လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး စုစုပေါင်း နေအိမ် အလုံး ၃၀ ကျော် ထိခိုက် ပျက်စီးခဲ့ကာ အလှပ်ကျေးရွာက ဒေသခံ လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ အလှပ်ကျေးရွာမှ ဒေသခံ တယောက်က “မိုး၊ လေ သာပြီး နေပူတဲ့အချိန်မှာ ဖြစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေက သစ်ပင်တွေ လဲကျတဲ့အချိန် ရိုက်မိကုန်တာ။ ခေါင်းထိ၊ ပေါင်ထိ၊ လက်ထိတဲ့သူက ထိနဲ့ ဒဏ်ရာ ရကြလို့ အလှပ် တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်” လို့ ‌ပြောပါတယ်။
အလားတူ မနေ့ ဇူလိုင် ၂၇ ရက်၊ မနက် ၄ နာရီဝန်းကျင်ကလည်း ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ညောင်ဝိုင်းမှာ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး မိုင်တဲတာဝါတိုင်အပြင် နေအိမ် ၂၂ လုံး၊ မီးသတ်စခန်း တခု အမိုးလန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းပေါ်က ဓာတ်တိုင်တွေ ကျိုးကျ၊ လဲကျကုန်တာ အများကြီးပဲ။ သစ်ပင်တွေလည်း လဲတယ်။ မိုငိတဲ တာဝါတိုင်မှာလည်း ပျက်စီးမှုရှိတယ်။ ဒါပေမယ့် ဒီဖြစ်စဥ်မှာ လူထိခိုက်တာတော့ မရှိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မွန်ပြည်နယ်အတွင်း လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်လျက်ရှိတာမှာ သထုံမြို့နယ်၊ အောင်ကန်သာ ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၇၈ လုံးနဲ့ စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၂၅ ရက်နေ့မှာပဲ ရေးမြို့နယ်၊ ဇီးဖြူသောင် စံပြကျေးရွာ၊ ဆိပ်ကမ်းသာ ရပ်ကွက်မှာ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်အများအပြား အမိုးလန် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း ရေးမြို့နယ်၊ ဖာလိန်ဒေသအတွင်းရှိ အံဒင်၊ နှစ်ကရုတ်၊ ငါးမျှားစခန်း စတဲ့ ကျေးရွာတွေမှာ လေဆင်နှာမောင်း နှစ်ကြိမ် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေဆင်နှာမောင်းက ဒီရက်ပိုင်း နေရာအတော်များများကို ဝင်မွှေနေတာ။ ဒီဒေသထဲကကို မထွက်နိုင်သေးဘူး။ ဒီတဝိုက်မှာပဲ ပတ်နေတာ။ အရင်ဆို တကြိမ်လောက် တိုက်ပြီး ပြီးသွားပြီ။ အခုကတော့ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မွန်ပြည်နယ်အတွင်းက နေအိမ်ပြိုကျ ပျက်စီးသွားတဲ့ လေဘေးသင့် ပြည်သူတွေအနေနဲ့ အနေနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ယာယီတဲနဲ့ တပိုင်းတစ ပျက်စီးနေတဲ့ နေအိမ်တွေမှာ နေထိုင်နေကြရပြီး ၎င်းတို့ရဲ့ နေအိမ်တွေကို ပြန်လည်ပြင်ဆင်ဖို့ အခက်ခဲရှိနေကြတဲ့အတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
လူမှုကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ အပျက်အစီး ရှင်းလင်းရေးနဲ့ အစားအသောက် အကူအညီတွေ ရရှိနေပေမယ့် ဝေးလံတဲ့ ပင်လယ်ကမ်းစပ် ဒေသတွေမှာတော့ လုံလောက်တဲ့ အကူအညီတွေ မရရှိသေးဘဲ ရှင်းလင်းရေး လုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW