မြန်မာ့နိုင်ငံရေးတိုး တက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပမှု ဂျပန်သတိပေး

တိုကျို၊ ဩဂုတ်-၁-၂၀၂၅
မျိုးဆက် (VOM)
မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပမှုဟာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ပိုမိုခက်ခဲလာမှာကို စိုးရိမ်ပူပန်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုင်ဝါယာတာကီရှီက ပြောပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း လေး နှစ်ခွဲကြာသည့်တိုင် အခြေအနေမှာ ဆိုးရွားလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အများအပြားသော နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ချုပ်နှောင်ခံနေရဆဲဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆပ်လက်ဖြစ်ပွားနေတာကို ဂျပန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေအောက်မှာ မြန်မာအာဏာပိုင်တွေ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ အရေးပေါ်အခြေအနေကြေညာချက်ရုပ်သိမ်းကာ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဇန်နဝါရီအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး လမ်းကြောင်းတခုအဖြစ် ရှုမြင်သော်လည်း၊ အကျဉ်းသားတွေလွှတ်ပေးခြင်း၊ ဆက်စပ်အင်အားစုနဲ့အဖွဲ့တွေအကြား သိသာထင်ရှားတဲ့ နိုင်ငံရေးတိုးတက်မှုလက္ခဏာတွေ မတွေ့ရဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုကိုသာ ဖြစ်ပေါ်စေကာ ငြိမ်းချမ်းသောဖြေရှင်းနည်းကို ပိုမိုခက်ခဲစေမှာကို စိုးရိမ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်ထူထောင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ တိုက်တွန်းကြောင်း ဆိုပါတယ်။
ဒါအပြင် နိုင်ငံတဝန်းမှာ အပစ်အခတ်ရပ်စဲရေးတွေကို ထိရောက်စွာအကောင်အထည်ဖော်ဖို့အပြင် ငြိမ်းချမ်းသောဖြေရှင်းနည်းအတွက် အဖွဲ့အစည်းအသီးသီးက ရိုးသားစွာ ကြိုးပမ်းမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပါအဝင် ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ကို ဆက်လက်ထောက်ခံတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မတ်လက ငလျင်ဘေးနဲ့ ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံဟာ တိုက်ရိုက်အကျိုးပြုနိုင်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ လူမှုဘဝမြှင့်တင်ရေး ပံ့ပိုးမှုတွေကို တက်ကြွစွာ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ အသံကို ဂရုတစိုက်နားထောင်ပြီး ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆွေးနွေးတာတွေကိုလည်း ဂျပန်နိုင်ငံက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:Japan Foreign Ministry
Photo:Reuters

Related posts

✕
VOM News

FREE
VIEW