ဩဂုတ် ၈ – ၂၀၂၅
SS (VOM)
ဒီကနေ့ ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ ထီးသပိတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လှည့်ကင်းတွေနဲ့ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားရတဲ့ကြားက လှုပ်ရှားသူတွေက ရန်ကုန်မြို့က အထင်ကရ နေရာတွေမှာ ‘၈’ ဂဏန်း ရေးဆွဲထားတဲ့ ထီးတွေနဲ့ ထီးသပိတ် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားတယောက်က “အခုလိုမျိုး အကြမ်းမဖက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ကန့်ကွက်စရာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ပြဿနာက ဒီကာလမှာက ကိုယ့်လုံခြုံရေး၊ အစစအရာရာ အရမ်း အရေးကြီးနေတဲ့ ကာလဖြစ်တယ်။ တခုခု ဖြစ်သွားရင်လည်း အရမ်း ထိခိုက်မှုများနိုင်တဲ့ အခြေအနေမှာရှိတော့ ကျွန်တော့်အနေနဲ့ကတော့ ဒါကို သတိဝီရိယလေးနဲ့ ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်း မန္တလေးမြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ ဆားလင်းကြီးမြို့၊ ကချင်ပြည်နယ် ဖားကန့်မြို့၊ ကယားပြည်နယ် အစရှိတဲ့ ဒေသတွေမှာလည်း ရှစ်လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တို့မှာလည်း ရှစ်လေးလုံး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ရှစ်လေးလုံး ဆိုတာက ကျွန်တော်တို့နိုင်ငံ တပါတီစနစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်နဲ့ သွားတဲ့ နိုင်ငံတခုဖြစ်ဖို့အတွက် ကျွန်တော်တို့ ပြည်သူလူထု တရပ်လုံးက ကြိုးစားခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတရပ် ဖြစ်တယ်။ အခုဆိုရင် ၃၇ နှစ် တိုင်ခဲ့ပြီပေါ့။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတရပ်လုံး လိုလားနေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကိုတော့ မရောက်သေးဘူး။ သွားလိုက်၊ နောက်ပြန်လန်လိုက် ဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ အမှန်ဆိုရင်တော့ တဆက်တည်း ရှောရှောရှူရှူနဲ့ သွားရမယ့်လမ်းမှာ ခဏခဏ နောက်ပြန်လန်နေရတဲ့ အခြေအနေလည်း ကျွန်တော်တို့ ကြုံနေရတယ်” လို့ သူက ပြောပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံဟာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ မြန်မာပြည်တဝန်း ဖြစ်ပွားခဲ့တဲ့ ပြည်သူလူထု အင်အားကြီး လှုပ်ရှားမှုတခု၊ သက်တမ်း အကန့်အသတ်မရှိတဲ့ စစ်အုပ်ချုပ်မှုကို ဆန့်ကျင် ကန့်ကွက်တဲ့ ဒီမိုကရေစီ တောင်းဆိုရေး လှုပ်ရှားမှုအဖြစ် သမိုင်းဝင်တဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးအခင်းဟာ ၁၉၈၇ ခုနှစ်၊ မတ်လ ကျောင်းသားအရေးအခင်းမှ စတင် မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး အဲဒီမတိုင်မီ အစိုးရမှ ငွေစက္ကူတွေကို တရားမဝင် ကြေညာခဲ့တဲ့အတွက် တိုင်းပြည်အတွင်း ဆင်းရဲကျပ်တည်းမှုတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတယောက် ဖြစ်တဲ့ ကိုဖုန်းမော် သေဆုံးမှုဟာ ရှစ်လေးလုံး လှုပ်ရှားမှုရဲ့ အစဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကိုဖုန်းမော် သေဆုံးရတဲ့ ကျောင်းသားနဲ့ အရပ်သား အငြင်းပွားမှုဖြစ်စဉ်မှာ တက္ကသိုလ် ကျောင်းသားတွေကို အစိုးရက လူသေဆုံးတဲ့အထိ ပြင်းပြင်းထန်ထန် ဖြေရှင်း ဆောင်ရွက်ခဲ့တာကြောင့် ကျောင်းသားတွေက အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေရဲ့ အထွေထွေကျပ်တည်းမှုတွေ ထွက်ပေါက်လာခြင်း၊ အစိုးရမှ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ အင်အားသုံး ဖြေရှင်းရာမှာ ထိခိုက်သေဆုံးသူ ကျောင်းသား၊ ပြည်သူတွေ အလွန်အမင်း များပြားလာခြင်း၊ အဓိကရုဏ်းတွေကို အင်အား အများအပြားသုံးကာ နှိမ်နင်းခြင်းတို့ကြောင့် တပြည်လုံး အုံကြွဆန့်ကျင်ခြင်းတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အရေးအခင်းဟာ စစ်တပ်မှ အာဏာသိမ်းယူမှုအပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီး အာဏာပိုင်တို့က အရေးအခင်းအတွင်း သေဆုံးခဲ့တဲ့ အရေအတွက်မှာ ၃၅၀ ခန့်မျှသာ ရှိတယ်လို့ ဆိုခဲ့ပေမယ့်လည်း တရားမဝင် သတင်းရင်းမြစ်တွေအရ ခန့်မှန်းခြေ ၃၀၀၀ ဝန်းကျင်ကနေ တသောင်းအထက် ရှိနိုင်တယ်လို့ သိရပါတယ်။
Photo – CJ
