ရတနာနဒီမှသည် ရေနီမြောင်းသို့ (သို့မဟုတ်) ချောင်းတောင်ဘက်ကလူ (၃)

ဆူးငှက်
မတ္တရာမြစ်ကို ကျောက်ခန်း၊ ကျောက်ဆည်ခိုင်ခန့်အောင် လုပ်ဆောင်စေပြီးလျှင် ရေစီးရေလာကောင်းအောင် ပြင်ဆင်၍ နန္ဒာကန်သို့ စီးဆင်းစေ၏။ နန္ဒာကန်မှသည် ရွှေမြို့တော်ရှေ့ကိုလျှောက်၍ ရှေ့ဝင်းမှူး သူရဲဝန်မင်းကြီး မဟာသမိန်ဘေဖြတ်စကို အကြီးအရပ်ခန့်ပြီးလျှင် ငစဥ့်ကူး မြို့ဝန်၊ မတ္တရာဆည်ဝန်၊ ရွေးလက်ယာဗိုလ်တို့ကို ငစဥ့်ကူးမြို့ ကသည် ရွှေမြို့တော်ရောက် ရေသောက်မြို့ ကျေးရွာလူထု အစုအမှုထမ်းက လူတို့နှင့် တူးဖောက်စေရာ ရေစီးရေလာကောင်း၍ ရတနာနဒီသမုတ်ပြီးလျှင် နန်းမြေဘုံ သာစံနန်းတော်က ရတနာနဒီစံနန်းတော်သို့ ထွက်တော်မူ၍ အရှင်နှစ်ပါးသမ္ဗန်တော်မှာ ရွှေစက်တော်တင်ပြီးလျှင် စုန်ဆန်တော်မူသည်၊ ဤကား ကန္နီမြို့ စစ်ကဲမင်းထင်ရာဇာ၏ မှတ်သားချက်ဖြစ်၏။
ရတနာနဒီတူးမြောင်းမှသည် ရွှေမြို့တော်အတွင်းလမ်း၊ လက်ဝဲ လက်ယာမြောင်းများကိုလည်း ပြည့်လျှမ်းအောင် သွင်းခဲ့၏။ ထို့နောက် စံနန်းတော်ရှေ့ ကတ်ကြို့ဖောင်ထား၍ ထိုရေလမ်းမြောင်းများမှ တစ်ဆင့် ရံဖန်ရံခါ ထွက်တော်မူသည်။ သို့တည်းမဟုတ် လှေအမှုထမ်းတို့ကို လှေလောင်းပေးအပ်၍ ပြိုင်လှော်စေသည်။ လှေသားတို့ ကိုလည်း ပုဆိုး ခေါင်းပေါင်း ပေးသနားတော်မူသည်ဟု မှတ်သားရ၏။
ထို့ပြင် ရတနာနဒီအရှေ့ဘက်တွင်လည်း ယာကွက်၊ ဥယျာဉ်တော်များ စိုက်ပျိုးစေပြီး ဝန်ကြီး၊ အတွင်းဝန်၊ ဝန်ထောက်မှစ၍ မှူးကြီးမတ်ကြီးတို့ကို ရေလောင်းကံကျွေးလူပေပပြီး ပြုစုစေသည်။ ၎င်းဥယျာဉ်၊ ယာကွက်များမှရရှိသော အသီးအပွင့်အရွက်တိုကို ရွှေမြို့တော်အတွင်း ကျောင်းတိုက်များသို့ မပြတ်လှူတော်မူသည်။
ယခုတော့ ထိုနေရာများကား နန်းရှေ့လမ်းမကြီးဝဲယာရှိ လူနေရပ်ကွက်ကြီးများ ဖြစ်နေပါပြီ။ လမ်းမကြီးပေါ်မှ ဗေဒါပင်တွေ ပိတ်ဖုံး၊ ဗေဒါပွင့် ပြာပြာလေးတွေ တစွင့်စွင့်ပွင့်နေသည့် နဒီမြောင်းအတိုင်း ဝဲယာမျှော်ကြည့် ပြန်တော့ မြောက်ဘက်အနောက်ခြမ်းတွင် အိုအေစစ် အအေးဆိုင်ကလေးရှိ သည်။ အရှေ့ဘက်ခြမ်းမှာ ဖောင်တော်ဦးပရဟိတကျောင်း၏ သံဂဟေ ဆိုင်၊ လေထိုးဆိုင်၊ မိတ္တူကူး ဆိုင်လေးတွေရှိသည်။ ဟို… မြောက်ဘက်မျှော် ကြည့်တော့ ဖောင်တော်ဦးပရဟိတကျောင်း၏ လေးထပ်စာသင်ကျောင်းဆောင်ကြီးကို မြင်နေရ၏။
နန်းရှေ့လမ်းမကြီးတောင်ဘက်ခြမ်း နဒီမြောင်းဝဲယာမှာတော့ လူနေအိမ်များ ခြံဝင်းကျယ်ကြီးများ ဖြစ်နေပါသည်။
တစ်လောဆီက နန်းရှေ့အရှေ့ဖျား အောင်ပင်လယ်ကန်ပေါင်ရိုး အနီးက ကျွန်တော့်အိမ်ကလေးဆီ အလည်လာသော မိတ်ဆွေ တစ်ဦးက ကျွန်တော့်ဆီရောက်အောင် သူဖြတ်သန်းခဲ့ရသော ချောင်းတွေမြောင်းတွေက များပြားလှတော့… “နဒီက ဘယ်ချောင်းလဲဗျ” မေးသောအခါ ကျွန်တော်လည်း အတော်စဉ်းစားပြီးမှဖြေရသည်။ ယခင်က ရှင်ဘုရင်ကိုယ်တိုင် ရှေ့တပ် နောက်တပ် အခင်းအကျင်းများ ဖြင့် ထွက်တော်မူကာ အင်္ဂလိပ်သံ “ဖယ်ယာ” ကိုယ်တိုင် စောင့်စားခစားရသည့် ရတနာနဒီ …. ။
ရတနာနဒီသည် မင်္ဂလာဥယျာဉ်တော်ကို ဖြတ်သန်းသွားသည်။ မင်္ဂလာဥယျာဉ်တော်သည်ပင် တစ်ချိန်က ဘုရင့်ဥယျာဉ်တော်ကြီး တစ်ခု ဖြစ်လင့်ကစား အခုတော့လည်း လူနေရပ်ကွက်ကြီးပင် ဖြစ်ပါသည်။ မင်္ဂလာဥယျာဉ်ရပ်ကွက်ဟုပဲ ခေါ်သည်။ မင်္ဂလာဥယျာဉ် ရပ်ကွက်တွင် နေထိုင်ကြသော မြို့စာရေးမင်း ဦးမှန်နှင့် ဒေါ်မမတို့က နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ ဆရာတင်ကို မွေးဖွားခဲ့ပါ၏။ ထို့ကြောင့် မင်္ဂလာဥယျာဉ်ရပ်ကွက်သည်လည်း နှယ်နှယ်ရရ ရပ်ကွက်မဟုတ်။ လွန်ခဲ့ သော နှစ်ပေါင်း(၄၀)ခန့်ကမူ မင်္ဂလာဥယျာဉ်ရပ်ကွက်တွင် မန္တလေးမြို့၏ ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်သော ရွှေမန်းရုပ်ရှင်ကုမ္ပဏီ၏ ရွှေမန်းရုပ်ရှင် စတူဒီယိုကြီးကိုလည်း ထူထောင်ခဲ့ပါသည်။ ယခုတော့ဖြင့် ထိုရုပ်ရှင်ခြံဝင်း ကြီးသည် ရေခဲစက်ဝင်းကြီး ဖြစ်နေပြန်၏။
ယခုအခါ နန်းရှေ့လမ်းမကြီးသည် ရန်ကင်းတောင်ခြေမှ ရွာများ သစ်ချိုကုန်း၊ ပုသိမ်ကြီး၊ ညောင်ပင်သာ၊ ဆီးချိုကုန်၊ ပုဏ္ဏားကုန်း၊ မိုင်ကုန်း၊ မြို့သာကုန်း၊ နန်းဦးလွင် စသော ရွာများဆီမှ မန္တလေးမြို့သို့ အလုပ်အကိုင်အတွက် ဝင်ရောက်လာရာ အဓိကလမ်းမကြီး ဖြစ်နေကာ ဈေးဆိုင်၊ စားသောက်ဆိုင်များဖြင်း စည်ကားနေပါသည်။
လွန်ခဲ့သောဆယ်နှစ်ခန့့်ကပင် မုန်တိုင်ဇရပ်ကျော်သည်နှင့် နန်းရှေ့လမ်းမကြီး၏ အရှေ့ဘက်ခြမ်းသည် လူနေအိမ်ခြေ ကျဲပါးသွား ကာ ခြံမြေများ၊ လယ်ကွင်းများသာဖြစ်၏။ အခုတော့ ယခင်က မြို့နှင့် အတော်လှမ်းသော ဘူးကုန်းသည် မန္တလေးမြို့ထဲရောက်နေပြီ။ အလာတူ အောင်ပင်လယ် ကားလမ်းမကြီး မေးတင်ထားသော သရက်ကုန်းကလည်း မန္တလေး စည်ပင်သာယာပိုင် အောင်မြေသာစံမြို့ နယ်ထဲ ဝင်ရောက်လာတော့၏။ နန်းဦးလွင်ကလည်း သရက်ကုန်းနှင့် လမ်းပဲခြားတော့သည်။
နန်းရှေ့လမ်းမကြီး ဝဲယာတစ်လျှောက် တိုးပွားလာသော ရပ်ကွက်အိမ်ခြေများက ဘူးကုန်း၊ သရက်ကုန်း၊ နန်းဦးလွင်တို့ကို မန္တလေးနှင့် အလျင်အမြန် ဆွဲစေ့လိုက်သည်မဟုတ်လော…။
*** *** ***
နန်းရှေ့လမ်းမကြီး ဗဟိုပြုကာ နန်းတော်ရှေ့ရပ်ကွက်သည် သီးခြားပေါင်းဖွဲ့ထားသည့် ရပ်ကွက်ကြီးပမာ ဖြစ်နေသည်။ နန်းရှေ့ဈေးကြီး ရှိသည်။ အောင်မင်္ဂလာခန်းမလို..၊ နန်းမြို့တော် မင်္ဂလာခန်းမလို မင်္ဂလာခန်းမကြီးတွေ ရှိသည်။ ဖောင်တော်ဦး ပရဟိတ စာသင်ကျောင်းက အထက်တန်းအဆင့်ထိ ပညာသင်ပေးသည်။ နန်းရှေ့ အမှတ် ၁၇ အထက် တန်းကျောင်းလည်း ရှိသည်။ အမှတ် ၁၄ အခြေခံပညာ အလယ်တန်း ကျောင်းလည်း ရှိသည်။ အမှတ် ၁၁ အခြေခံပညာ အလယ်တန်းကျောင်း လည်း ရှိသည်။ ပြီးတော့ နန်းရှေ့မှာပဲနာမည်ကျော် လက်ဖက်ရည်ဆိုင်ကြီးတွေ ရှိသည်မဟုတ်ပါလား။ ဦးဘကျော့ဆိုင်၊ ကြိုင်သင်းဆိုင်၊ စိုးမိုးဆိုင် …တဲ့။
ဒီဘက်နှစ်ပိုင်းမှ ပေါ်လာတာက Smile စီဒီအိုကေနှင့် စားဥယျာဉ်၊ ပြီးတော့ အရှေ့ရွာ စင်တင်တေးဂီတနှင့် စားသောက်ဆိုင်တဲ့ …။
နန်းရှေ့လမ်းမကြီးနှင့် ၆၂ လမ်းဆုံမှာ ကာလီမယ်တော်ကြီး ဘုရားကျောင်းလည်း ရှိပါ၏။ ညနေစောင်းလျှင် ဘုရားကျောင်းရှေ့ တွင် ဇွန်ပန်း၊ စံပယ်ပန်းရနံ့တွေထံ မွှမ်းလှိုင်ကြူနေတော့သည်။ ဘုရားဖူးများက ကားများ၊ ဆိုက်ကားများ၊ စက်ဘီးများဖြင့် လာကြသလို… ခြေကျင်လာကြသူများလည်း အများအပြား… ။
အမွှေးတိုင်မှ အီနောက်သင်းကြူ မီးခိုးငွေ့များသည် စည်းချက်သွက်သွက် ထုနှက်နေသော ပူဇော်ဂီတသံနှင့်အတူ ယိမ်းနွဲ့နေ၏။ ကြေးစည်သံ၊ ခေါင်းလောင်းသံမျာက တလွင်လွင်။ ကာလီမယ်တော်အား ပူဇော်ကြသည့် ဘုရားဖူးများက ဘုရားကျောင်းအဝင်ဝတွင် ကိုယ့်အလှည့်ရောက်အောင် အတော်စောင့်နေကြရသည်။
နန်းရှေ့လမ်းမကြီး၏ ညာဘက်ခြမ်းတွင် မန္တလေးမြို့၏ နာမည်ကျော် နန်းရှေ့စာကြည့်သင်းကြီးလည်း ယခုထက်ထိ ကျန်းမာ သန်စွမ်းစွာ ဖွင့်လှစ်နေဆဲဖြစ်ပါသည်။ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းကြီးကား မူလအစက နန်းတော်ရှေ့ ပရိယတ္တိ စာကြည့်သင်းဖြစ်၏။ နန်းတော်ရှေ့ ပရိယတ္တိစာကြည့်သင်း ဖွဲ့ကြဖို့ အလှူငွေကောက်ခံမည်ဆိုသည်။ ထိုသို့ အလှူငွေကောက်ခံရန်အတွက် သီချင်းဆိုကောင်းသူ ကိုအောင်ကျော် သီဆိုရန် နန်းတော်ရှေ့ ဆရာတင်က သီချင်းတစ်ပုဒ် ရေးစပ်ပေးခဲ့ရသည်ဟု မှတ်သားဖူးပါသည်။
“ဆိုပုံယဉ်ကျေးသော်၊ နားစိမ့်ပြန်သော်၊ ဖိုးအောင်ကျော်၊
ဖိုးအောင်ကျော်၊ ဖိုးအောင်ကျော်၊ ဖိုးအောင်ကျော်၊
နန်းတော်ရှေ့က အောင်ကျော်၊ ဖိုးအောင်ကျော်၊
စာစီစဉ်ပေါ် နာမည်တွင်သော်တင်ဆရာသူက သင်ကြားပေးလို့ ကျော်၊ ကျော်၊ ကျော်၊ ကျော်၊ ဖိုးအောင်ကျော်၊
သနားချစ်စရာ မေတ္တာအဟုန်နော်၊ ဂုဏ်ဖော်လို့ပေးကြပါ၊
ကလေးကျွန်တော့်အပေါ်..၊
အစ်ကိုဘိုကေနော် ပျိုပျိုတွေ ဆလံသသော်..
ဆရာနည်းလေးလေး မှန်သော်၊ မှန်သော်…
သင်ရှာသူ ပထမနော်၊ ပညာဟူသမျှဇော်…
ဗျတ်စောင်းပုလွေနှင့် အခြေဖြင့်ဖော်ထုတ်သော်
အဟုတ်နော် ကျုပ်ဇော်၊ ကောင်းတဲ့ဖိုးအောင်ကျော်…” တဲ့။
ထိုသီချင်းသည် ဆရာတင်ရေးသည့် ဒုတိယသီချင်းဖြစ်သည်ဆို၏။ ဆရာတင် အသက် (၂ဝ) အရွယ်က ရေးစပ်သည့် သီချင်း ဖြစ်သည်။
ဤသို့ဖြင့် ဂီတဖြင့် စတင်စုစည်း ဘဏ္ဍာငွေရှာကြံကာ တည်ထောင်ခဲ့သော နန်းရှေ့စာကြည့်သင်းသည် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး ယနေ့အချိန်အထိ တည်ရှိနေခြင်းကား နန်းရှေ့သားများ၏ စာပေ အနုပညာအပေါ် ချစ်မြတ်နိုးစိတ်၏ ပြယုဂ်ပင် ဖြစ်၏။
ထိုအတူ နန်းရှေ့သားများသည် နန်းရှေ့မှ မွေးဖွားပေးလိုက်သော သို့တည်းမဟုတ် နန်းရှေ့တွင် နေထိုင်လျက်ရှိသော အနုပညာသည်များကိုလည်း တန်ဖိုးထား ချစ်မြတ်နိုးကြသည်။ ဂုဏ်ယူကြသည်။ ပြုစုကြသည်။
ကျွန်တော်တို့ ငယ်စဉ်က နန်းရှေ့သား များနှင့် ပတ်သက်၍ ကျီစားနောက်ပြောင်သည့် စကားတစ်ခုရှိပါသည်။ နန်းရှေ့သားများက နန်းရှေ့နှင့် ဆက်နွှယ်သော အနုပညာရှင်များ ဆိုလျှင် အလွန်ဂုဏ်ယူကြသတဲ့။
ဟုတ်လည်းဟုတ်သည်။ မြန်မာ့အနုပညာ နယ်ပယ်အသီးသီး၏ ထိပ်မှာ ရောက်နေသော အနုပညာရှင်များက နန်းရှေ့နှင့် မလွတ်၊ စာရေး ဆရာ ဘယ်သူဆိုလျှင် နန်းရှေ့က၊ ရုပ်ရှင်မင်းသမီး ဘယ်သူဆိုလျှင် နန်းရှေ့က၊ သီချင်းရေးဆရာကြီး ဘယ်သူဆိုလည်း နန်းရှေ့က၊ ဂီတ ပညာရှင်ကြီး ဘယ်သူဆိုလည်း နန်းရှေ့က၊ ဇာတ်မင်းသားကြီး ဘယ်သူဆိုလည်း နန်းရှေ့က…
ဤသို့ဖြင့် ပြောသမျှ “နန်းရှေ့က”နှင့် မလွတ်သောအခါ တစ်ရံရောအခါက နာမည်ကျော် နန်းရှေ့ရပ်ဖွား ဝရမ်းပြေးကြီး တစ်ယောက် နာမည်ပြော၍ “ကဲ . သူကရောကွာ” ဆိုတော့ နန်းရှေ့သားများက အားကျမခံ ချက်ချင်းပြန်ဖြေနိုင်ခဲ့ပါ၏။
“အဲဒီလူက ချောင်းတောင်ဘက်ကပါကွာ” တဲ့။ အခုလည်း ကျွန်တော်သည် နန်းရှေ့ဟု ပြောနိုင်ဖွယ်ရှိသည့် အစွန်အဖျားလေး မှာ အခြေချမိပါပြီ။
မူလနန်းရှေ့သားများက ကျွန်တော့်ကို “ချောင်းတောင်ဘက်ကပါကွာ” ဟုသာ အသိအမှတ်ပြုလျှင်ပဲ ကျေနပ်လှပါပြီ။
(ဆက်ရန်)
#voiceofmyanmar #VOM #ဆူးငှက် #​ရေနီ​မြောင်း

Related posts

✕
VOM News

FREE
VIEW