စက်တင်ဘာ ၁၀-၂၀၂၅
SS(VOM)
ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ပြည်ထောင်စု တဝန်းလုံးမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ခမောက်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုး သမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့ညမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ က ထုတ်ပြန်ချက်တစောင် ပြီးတဲ့နာရီပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (NDF) ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးထက်အောင်ကျော်ကို VOM က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
မေး – ဆရာတို့ ပါတီအနေနဲ့ ဒီ ထုတ်ပြန်ချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို အရင်ဆုံး ပြောပြပေးပါဆရာ။
ဖြေ – ပြည်ထောင်စု တဝန်းလုံးကို ၄၁၇ အနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေက လိုအပ်တယ်။ ဆိုတော့ ကျွန်တော်တို့ဒီက ကိုယ်စားလှယ်တွေလည်းပဲ မနေ့ကဆို ရန်ကုန် ပြည့်တယ်။ မန္တလေး၊ ပဲခူး စသဖြင့်ပေါ့ အကုန်လုံး အပေါက်ပြည့်အောင် အစွမ်းကုန် အားကြိုးမာန်တက် ကြိုးပမ်းနေတဲ့ အချိန်မှာ ဒါဖြစ်သွားတာဆိုတော့ အခု ၄၀၀ နီးပါးလောက်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း သူတို့ နိုင်ငံသားအခွင့်အရေးသော်လည်းကောင်း၊ ဒီမိုကရေစီရေး အရသော်လည်းကောင်းပေါ့။ တသီးပုဂ္ဂလပဲ ဖြစ်ဖြစ်၊ ကိုယ်နဲ့ အနီးစပ်ဆုံးတူညီတဲ့ ပါတီတွေကနေ အမြန်ဆုံး ဝင်ရောက် အရွေးခံဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။ တခြား ပြည်ထောင်စုအဆင့် ပါတီတွေအနေနဲ့က ၁၇ ရက်နေ့မှာ ကိုယ်စားလှယ်လောင်းပေါင်း အနည်းဆုံး ၄၁၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ရမယ်။ အဲဒီလောက် မပြည့်မီရင်လည်း ဖျက်ခံရမယ်။ ကျွန်တော်တို့ပါတီကတော့ ဖျက်ခံရပြီးတာ တခု။ အဲဒီအခါမှာ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဆီက ကိုယ်စားလှယ်လောင်းတွေသည် နိုင်ငံသားအခွင့်အရေး အရ ေသော်လည်းကောင်း၊ ဒီမိုကရေစီရေး အရသော်လည်းကောင်းပေါ့။ ကျွန်တော်တို့ဆီမှာ ပြိုင်ဆိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတော့ တခြား ပါတီအနေနဲ့ ပြိုင်ဖို့သော်လည်းကောင်း၊ တသီးပုဂ္ဂလအနေနဲ့ ပြိုင်ဖို့သော်လည်းကောင်းပေါ့။ ဒီ statement လေး ထုတ်လိုက်တာပါ။
မေး – UEC က ဆရာတို့ ပါတီဝင်ဦးရေပြည့်မီခြင်းမရှိတာကို ခေါ်ပြောတာပါလားဆရာ။
ဖြေ – မဟုတ်ပါဘူး။ သူတို့ ကြေညာချက်အရ သိတာပါ။
မေး – ဆရာတို့ တကယ်စာရင်းအမှန်က စိစစ်ခံအင်အား ရှိပါသလားဆရာ။
ဖြေ – ကျွန်တော်တို့ UEC ကို စိစစ်လိုက်တဲ့အခါမှာ ဘယ်လောက်ကျန်သလဲ မေးကြည့်လိုက်တဲ့အခါကျတော့ သူကတော့ ဒီတိုင်း ဖြေကြားလို့ မရဘူးပေါ့နော်။ သေသေချာချာ စာတင်ပြီးမေးမှ ဖြေကြားလို့ရမယ် ဆိုပြီး ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ စာတင်ပြီး မေးသွားမယ်ပေါ့လေ။ ဘယ်လောက် အမှားအယွင်းဖြစ်ပြီးမှ တကယ် တင်ကျန်ခဲ့တဲ့ ပါတီဝင်ဦးရေက ဘယ်လောက်ဖြစ်မလဲ ဆိုတာကိုပေါ့။
မေး – ဒါက စာရင်းမှားယွင်းနေတာမျိုးရော ဖြစ်နိုင်ပါသလားဆရာ။
ဖြေ – ကျွန်တော်တို့ကတော့ ရှစ်သောင်း၊ ကိုးသောင်းနီးပါးပေါ့လေ။ စာရင်းက တင်ထားလိုက်တယ်။ အဲဒီလို တင်ထားလိုက်တာကို စိစစ်လိုက်တဲ့အခါမှာ မှတ်ပုံတင်နံပါတ် လွဲတာတို့၊ texting error တွေလည်း ရှိမှာပေါ့လေ။ ပြီးတော့ မွေးသက္ကရာဇ် လွဲတာ၊ ကုဒ်တွေ လွဲတာ၊ လဝက ကုဒ်တွေလွဲတာ ဒါမျိုးတွေတော့ ဖယ်တာပေါ့လေ။ အဲဒီလိုမျိုး စိစစ်ရင်းကနေမှ မပြည့်စုံတဲ့သဘော ဖြစ်တာပေါ့။
မေး – ဒါဆိုရင် ဆရာတို့ဘက်က UEC ရဲ့ သတ်မှတ်ချက် ပြည့်မီတယ်လို့ ပြောလို့ရပါသလားဆရာ။
ဖြေ – စစ်ဆေးတာကတော့ UEC က စစ်ဆေးတာပေါ့။ သူတို့ စစ်ဆေးတဲ့အခါကျတော့ မပြည့်မီဘူးဆိုတော့ ဒီလိုပဲ မပြည့်မီဘူးဘဲ သတ်မှတ်ရမှာပေါ့။
မေး – အခုလို ဆရာတို့ NDF ပါတီ ဖျက်သိမ်းခံလိုက်ရတာနဲ့ ပတ်သက်လို့ အယူခံဝင်တာ၊ အသနားခံစာ တင်တာမျိုး ပြုလုပ်သွားဖို့ ရှိပါသလား။
ဖြေ – complain တက်ဖို့ ဆိုတာကတော့ အမှန်က ကျွန်တော်တို့ CEC အားလုံးကတော့ ဥပဒေကြောင်းအရလည်း အဲဒီအပေါက်က ဖွင့်ပေးထားတာမျိုး မရှိဘူးပေါ့။ UEC ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သည် ဆိုတာလည်း ပါထားတော့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပါတီ တည်ထောင်သူဖြစ်တဲ့ နာယကကြီး ဦးခင်မောင်ဆွေကတော့ အယူခံလွှာလိုမျိုး တင်ပေးပါဆိုပြီး မေတ္တာရပ်ခံချက် ရှိတဲ့အတွက် ကျွန်တော်တို့ကတော့ နာယကကြီးကို လေးစားတဲ့အနေနဲ့ အဲဒါလေးကတော့ တင်ပေးလိုက်ပါတယ်။ အသနားခံစာ တင်ဖို့အတွက် ဒီနေ့ စာရေးပြီးတော့မှ သွားကြပြီ။ မနက်ဖြန် တင်ပါလိမ့်မယ်။
မေး – အကယ်၍ အသနားခံစာတင်လို့ အဆင်မပြေခဲ့ဘူးဆိုရင် ဆရာတို့ ပါတီအနေနဲ့ ဘာဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ – အဓိက ကတော့ နိုင်ငံရေးက process ပဲလေ။ လုပ်ကိုလုပ်နေရမယ့်ဟာမျိုးပေါ့။ ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းကို ယုံကြည်တယ်။ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ အခုလက်ရှိ စုဖွဲ့မှုအတိုင်း လွှတ်တော်ပြင်ပနိုင်ငံရေး ဘာလုပ်လို့ရမလဲပေါ့။ အဲဒါကို ကျွန်တော်တို့ သေသေချာချာ ဆွေးနွေးမယ်။ ဆွေးနွေးပြီး ဆက်လုပ်သွားပါ့မယ်။ နောက်ပိုင်း နိုင်ငံရေးပါတီတွေ ပြန်လည် ထူထောင်ခွင့်ရတဲ့ အခါကျလို့ရှိရင်လည်း လွှတ်တော်တခုအနေနဲ့ ပြန်လည် ပါတီထောင်ဖို့ရှိပါတယ်။
မေး – မဲဆန္ဒရှင်တွေနဲ့ ပါတီဝင်တွေကို ဘာများ ပြောချင်ပါသေးလဲဆရာ။
ဖြေ – ကျွန်တော်တို့ အမြဲ တောက်လျှောက်ပေါ့၊ ရွေးကောက်ပွဲ၊ နိုင်ငံရေးအရပေါ့။ ဒီ ဒီမိုကရေစီကို transitional သွားနေတဲ့ ကာလမှာ ဒီ ရွေးကောက်ပွဲ နိုင်ငံရေးလမ်းကြောင်းကို ကျွန်တော်တို့က အမြဲတမ်း ယုံယုံကြည်ကြည် ဖြတ်သန်းခဲ့တယ်။ ၂၀၁၀ ကတည်းကနေပေါ့။ ဒီတခေါက်မှာတော့ ကျွန်တော်တို့ ဖျက်သိမ်းခံရတဲ့အထဲ ပါသွားတဲ့အတွက်ကြောင့် ကျွန်တော်တို့ မဲဆန္ဒရှင် ပြည်သူလူထုနဲ့ ပါတီဝင်တွေအားလုံးကို အနှူးညွတ် တောင်းပန်ပါတယ်ပဲ ပြောချင်ပါတယ်။
မေး – ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် တခြား ပါတီတွေ၊ မဲဆန္ဒရှင်တွေကိုရော ဒီနေရာကနေ ဘာများပြောချင်ပါသေးလဲဆရာ။
ဖြေ – ကျွန်တော်တို့ ဒီရွေးကောက်ပွဲက တိုင်းပြည်ထွက်ပေါက်ဖြစ်တယ်၊ လူထုရဲ့ ထွက်ပေါက်ဖြစ်တယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲကိုတော့ တကယ်ကို အကောင်းဆုံး ဖြစ်အောင် ဝိုင်းပြီးတော့မှ ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့လည်း ပါဝင်ယှဉ်ပြိုင်တာ မလုပ်နိုင်ပေမယ့် တခြားပုံစံမျိုးနဲ့ ဒီဟာကို ဘယ်လို အထမြောက်အောင် ဘယ်လို လုပ်ဆောင်လို့ရမလဲဆိုတာ တိုင်ပင်ပြီး လုပ်ဆောင်သွားပါမယ်။
မေး – ဆရာ့အနေနဲ့ တခြားဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားဆရာ။
ဖြေ – ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး။ ဒီ ရွေးကောက်ပွဲကတော့ ကျွန်တော်အမြဲတမ်း ပြောသလိုပါပဲ။ တိုင်းပြည်ကြီး နိုင်သွားစေချင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပလိုက်တာ၊ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်လိုက်ကြတာ တိုင်းပြည်ကြီး နိုင်သွားတယ်ဆိုတဲ့ အခင်းအကျင်းမျိုးကိုပဲ ကျွန်တော်တို့ မြင်ချင်ပါတယ်။
VOM ကကျေးဇူးတင်ပါတယ်ဆရာ။
ခုလို ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်တဲ့အပေါ် ဒီဆုံးဖြတ်ချက်ဟာ အပြီးအပြတ်လား အယူခံဝင်လို့ရလား သတင်းဌာနတွေက မေးပေမယ့် လက်ရှိအချိန်ထိ ဖြေမပေးသေးပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကမှတ်ပုံတင်ခွင့်ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၆၁ ပါတီရှိတဲ့ အနက် ပယ်ဖျက်ခံရတဲ့နိုင်ငံရေးပါတီ ၄ ပါတီရှိလာတဲ့အတွက် လက်ရှိမှာ တည်ဆဲနိုင်ငံရေးပါတီအရေအတွက်က ၅၇ ပါတီသာကျန်ရှိတော့တယ်လို့သိရပါတယ်။
Photo – VOM