ရန်ကုန်၊ မေ ၈-၂၀၁၉
သူရိန် (VOM)
ရန်ကုန်မြို့မှာ ကျုးကျော်နေထိုင်သူတွေများပြားလာနေပေမယ့် နိုင်ငံတော်က ကျုးကျော်စမတ်ကဒ်ထုတ်ပေးထားတဲ့သူတွေပဲ အငှားအိမ်ရာ လုပ်ပေးမယ်လို့ ရွှေလင်ပန်းစက်မှုဇုံ၊ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ကျင်းပတဲ့ ရွှေလင်ပန်းစက်မှုဇုန် မီးသတ်ဖွဲ့ရဲ့ ဆောင်ရွက်မှုနဲ့ပက်သက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။
“ ကျုးစာရင်းကောက်တာ အစက ၄၀၀ ရာကျော်ပဲရှိတယ်။ စမတ်ကဒ်ထုတ်ပေးရင်းနဲ့ ခုနှစ်ရာ ရှစ်ရာအထိဖြစ်လာတယ်။ အဲ့ဒီလာက်အထိထုတ်ပေးခဲ့တယ်။ ဒါပေမယ့်နောက်တိုးကျူးတွေကတော့ ပိုများလာကိုတွေ့ရတယ်။ ဒါကြောင့် အားလုံးကိုတရားဝင်ပြောပြီးသားပါ၊ စမတ်ကဒ်ရှိတဲ့ကျူးတွေကိုပဲ နိုင်ငံတော်က အငှားအိမ်ရာလုပ်ပေးမှာဖြစ်ပါတယ်” လို့ ရွှေလင်ပန်းစက်မှုဇုံ ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်း ကပြောပါတယ်။
လှိုင်သာယာမြို့နယ်အတွင်းမှာကျူးကျော်နေထိုင်သူများ စာရင်း ကောက်ယူခဲ့ရှိမှာခန့်မှန်းသည်ထက် နှစ်ဆကျော် ရှိနေတယ်လို့ ကျူးကျော် စာရင်းကောက်ယူရေးအဖွဲ့ထံက သိရပါတယ်။
လှိုင်သာယာမြို့နယ် အတွင်းရှိ အောင်မြေသာယာ၊ ညောင်ရွာ၊ ရေအုတ်ကန် နဲ့ ရွှေလင်ပန်း နေရာတွေမှာ ဧပြီလ ၂၅ ရက်ကစပြီး မေလ ၁၁ ရက်ထိ ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ ရှစ်ခုနဲ့စာရင်းကောက်ယူခဲ့တာပါ။
အကြမ်းဖျင်းကောက်တုန်းက စာရင်းအရ အိမ်ထောင်စု ၂၇၀၀၀ ကျော် ရှိတယ်။ မြေပြင်မှာ ကွင်းဆင်းကောက်ယူတဲ့အခါ အရင်ရှိတဲ့ စာရင်းထက် နှစ်ဆလောက် များနေတယ်။ ၅၀၀၀၀ ကျော်လောက် ရှိနေတယ်လို့ ခန့်မှန်းရကြောင်း ကျုးကျော်စာရင်းကောက်ယူရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခုမှာ တရားမဝင်နေထိုင်တဲ့ ကျူးကျော် အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စု ၊ ကျူးကျော်နေထိုင် သူဦးရေ ၄၃၁၀၅၀ ခန့်ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
#voiceofmyanmar #စမတ်ကဒ်ရှိတဲ့ကျူးကျော်တွေကိုအငှားအိမ်ရာပေးမယ် #စမတ်ကဒ် #ကျူးကျော် #ရန်ကုန်