ဇန်နဝါရီ ၁၇ ၊ ၂၀၂၆
GG (VOM)
အလုပ်သမားပတ်စ်ပို့ PJ ၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် OWIC ကိုင်ထားသူတွေလည်း နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လာကြောင်းကို အသိပေးအကြောင်း ကြားခြင်းမရှိပါက ပြည်ပ ပြန်ထွက်ခွာခွင့် ရရှိနိုင်မှာ မဟုတ်ဘူးလို့ စုံစမ်း သိရှိရပါတယ်။ ။
ဒါကြောင့် နယ်စပ်ဂိတ်ကနေ ဝင်ရောက်တဲ့ ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ဝင်ရောက်လာကြောင်းကို သက်ဆိုင်ရာ နယ်စပ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ အသိပေးရမှာဖြစ်သလို ပြည်ပကို ပြန်လည်ထွက်ခွာမယ်ဆိုပါကလည်း ထွက်ခွာခွင့်အတွက် နေပြည်တော်ကို လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို လျှောက်ထားမှု အပေါ်ကိုမှ စိစစ်ပြီး ပြည်ပထွက်ခွင့်ကို ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
” အရင်ကတော့ နယ်စပ်ကနေ ပြန်ဝင်လာရင် မြဝတီရောက်တာနဲ့ သူတို့ဘာသာ အိမ်ပြန်သွားကြတယ်။ အခုကတော့ ပြန်ဝင်လာရင် ကျောက်လုံးကြီးစခန်းမှာရှိတဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို သတင်းပို့ရမယ်ဆိုပြီး အကြောင်းကြားတာပေါ့ ။ စည်းကမ်းစနစ်အရဆို ကောင်းတဲ့အလုပ်ပါ ။ ဘယ်နှစ်ယောက်ဝင်တယ် ထွက်တယ်ဆိုတာ စာရင်းပြုစုတာပေါ့ ။ စာရင်းကောက်ယူ တာကောင်းတာပေါ့ ။ စနစ်ကတော့ကောင်းတယ် ။ဒီအပေါ်မှာ ဘယ်လိုအသုံးချမလဲဆိုတာတော့ မသိဘူး ။ အဲဒီဒေတာပေါ်မှာ ဘယ်လိုလုပ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ ။ ” လို့ MOEAF ရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ် ။
ဒါကြောင့် လက်ရှိမှာ ခွင့်ပြန်လုပ်သားတွေကို နယ်စပ်ဂိတ်ကနေ ဖြတ်ကျော်ခွင့် ယာယီပိတ်ထားတဲ့အတွက် ခွင့်ပြန်လုပ်သားတွေအနေနဲ့ လက်ရှိမှာ နယ်စပ်ဂိတ်တွေကနေ ပြန်လည်ထွက်ခွာခွင့် မရရှိဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
” ထိုင်း ရောက်မြန်မာပြည်သားတွေ နယ်စပ်ဂိတ် ကနေပြန်ဝင်ရင်လဲ နေပြည်တော် အလုပ်သမား ဌာနကို ဖောင်မတင် ၊ ခွင့်ပြုချက် မရှိရင် ထွက်ခွင့်မရပါဘူး။
လေယာဉ် လမ်းကြောင်းနဲ့ တရားဝင် ပြန်ထွက်ဖို့ အတွက် နေပြည်တော်ကို ဖောင်တင်ရတာ အလုပ်ရှုပ်လို့ စိတ်ညစ်လို့ နယ်စပ်ဂိတ်ကနေ ထိုင်းပြန်ဝင်မယ့်၊ သွားမယ့်သူတွေ အချိန်ကုန် ၊လူပင်ပန်း၊ ငွေကုန်တာပဲ အဖတ်တင်ပါမယ် ။ တရားဝင် နယ်စပ်ဂိတ် မှန်သမျှ PJ နဲ့ Owic card နဲ့ နေပြည်တော် အလုပ်သမား ဌာန ခွင့်ပြုချက် မှာ မိမိအမည် နဲ့ တကွ Passport IDအတိအကျ ခွင့်ပြုချက် ကျတဲ့သူမှသာ တရားဝင် ထွက်ခွာခွင့် ရမှာပါ ။ ဘာမှ မတင်ထားပဲ အရင်လို ချိတ်ဆက်ပြီး တရားဝင် တံဆိပ်တုံထုပြီး ထွက်ခွင့်မရပါတော့ပါဘူး ။” လို့ အလုပ်သမားတွေကို Passport ဝန်ဆောင်မှု ပေးနေသူ ထိုင်းရောက်မြန်မာနိုင်ငံသားက ပြောပါတယ် ။
နယ်စပ်ကနေ ပြည်ပထွက်မယ်ဆိုပါက နေပြည်တော် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် (၅၁) ကို လိပ်မူပြီး အမြန်ချောပို့နဲ့ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ စသဖြင့် ပေးပို့ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပထွက်ခွာခွင့်အတွက် အလုပ်သမား ဝန်ကြီးဌာနကို ပေးပို့ရမယ့် အချက်အလက်တွေကတော့ ပြည်ပထွက်ခွာခွင့်ပြုရန် လျှောက်လွှာ၊ Passport Copy ၊ OWIC ကတ် ရှေ့/နောက် Copy ၊ သက်ဆိုင်ရာနိုင်ငံ ဗီဇာ (ဒါမှမဟုတ်) အလုပ်လုပ်ခွင့် ပါမစ် Copy ၊ မြန်မာနိုင်ငံအဝင်တုံး Copy ၊ ခွင့်ပြန်သမားတွေအတွက် (ခွင့်စာ Copy) တို့ ဖြစ်တယ်လို့ သိရပါတယ်။
” လွယ်ရာကနေ ခက်အောင်လုပ်တယ်လို့ပဲ မြင်တယ်။ အရင်ကဆို ဝင်ရင်တုံးထု ။ပြန်ရင်တုံးထု ပြန်ထွက်ပြီးရော ။အခုက ပြန်ထွက်ဖို့ တခါလျှောက်ရအုံးမယ် ဆိုတော့ ကြန့်ကြာတာပေါ့ ။နယ်စပ်ကနေ ဝင်တာတောင် မလွယ်တော့ဘူး ။ဒါပေမယ့် ဖြေရှင်းလို့ရမယ့် နည်းကတော့ ရှိမှာပါ ။ ” လို့ ထိုင်းရောက် မြန်မာလုပ်သား တယောက်ကပြောပါတယ်။
နယ်စပ်ကနေ ဝင်လာတဲ့ ခွင့်ပြန်လုပ်သားတွေကို ဝင်ရောက်လာကြောင်း အသိပေးဖို့နဲ့ ပြည်ပပြန်ထွက်ခွာခွင့်အတွက် ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ပြန်ထွက်ခွင့်ပြုတဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စတင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
