လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေ နေထိုင်နိုင်ဖို့ စည်ပင်ရိပ်သာ(၂)မှာ အဆောင်တွေပြင်ဆင်​နေ

နေပြည်တော်၊ဇန်နဝါရီ ၁၇ -၂၀၂၆
KKL(VOM)
၂၀၂၆ ခုနှစ် မတ်လထဲမှာ နိုင်ငံရဲ့​ ​ဒေသအသီးသီးကအနိုင်ရရှိခဲ့ကြတဲ့ လွှတ်​တော် ကိုယ်စားလှယ်တွေ နေရေးထိုင်ရေးအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)ထဲမှာအဆောင်တွေလျာထားပြီးပြီလို့ စည်ပင်ဧည့်ရိပ်သာ(၂)က တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး (AD) ကဆိုပါတယ်။
“အဲ့ဒီ​အဆောင်တွေမှာ အရင်က ငလျင်ဘေးသင့်ခဲ့တဲ့ စည်ပင်က ဝန်ထမ်းတွေကိုထားတာပါ။ လာလောဆယ်တော့ အဲ့ဒီဝန်ထမ်းတွေကို စည်ပင်ရိပ်သာ(၁)ဖက်ကိုပြောင်းရွှေ့ပေးထားပါတယ်။အခုတော့ အဆောင် ၅၅၊၅၆၊၅၇ စတဲ့ အဆာင်တွေကတော့ ရွှေ့ပြီးသွားပြီ အဲ့ဒီနေရာတွေကိုတော့လျာထားထားပါတယ်။ ဒါပေမယ့် အတည်ဖြစ်မဖြစ်တော့ မသိသေးဘူး အဆောင်တွေကိုတော့ပြင်ဆင်တာတွေ လုပ်နေပါပြီ” လို့ AD ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ တုန်းကလည်း NLD ကလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တိုင်းဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်ရိပ်သာ (၂) မှာပဲ နေထိုင်စေခဲ့တာဖြစ်တဲ့အတွက် အခု ၂၀၂၆ လွှတ်တော်ကို တက်ရောက်လာကြမယ့် ကိုယ်စားလှယ်တွေကိုလည်း ယခင်အတိုင်း စည်ပင်ရိပ်သာ(၂) မှာပဲ ပြန်လည်ထားရှိဖို့ လုပ်ဆောင်နေကြတာပါ။
“ငလျင်ကြောင့် စည်ပင်ရိပ်သာကိုပြောင်းလာရတာပါ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်အခန်းလိုတော့ ဘယ်အဆင်ပြေမှာလည်း။ အခုတစ်ခါထပ်ပြီး ပြောင်းရရွှေ့ရဆိုတော့ အဆင်မပြေတဲ့ထဲက ပိုပြီးကသီတာပေါ့။ ဘယ်အချိန်ကျမှ ကိုယ်နေတဲ့အရင်နေရာကို ပြန်ပြောင်းရမယ်ဆိုတာတော့ မသိသေးပါဘူး”လို့ စည်ပင်ရိပ်သာ(၁)ကနေ စည်ပင်ရိပ်သာ(၂)ကို ပြောင်းရွှေ့ခဲ့ရတဲ့ စည်ပင်ဝန်ထမ်းတယောက်ကပြောပါတယ်။
ငလျင်ဒဏ်သင့်ခဲ့လို့ ပြန်လည်ပြင်ဆင်နေတဲ့စည်ပင်ဝန်ထမ်းတွေနေထိုင်တဲ့ အချို့တိုက်တွေက ပြန်ပြီးနေထိုင်နိုင်တဲ့အဆင့်ကို ရောက်ရှိနေတာကြောင့် အချို့ဝန်ထမ်းတွေလည်း သူတို့ရဲ့မူလနေထိုင်တဲ့နေရာတွေကို ​ပြန်လည်ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိနေပြီလို့ သိရပါတယ်။
လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စုနေ့အတွက် တိုင်းဒေသကြီးတွေက တက်ရောက်လာမယ့် အကအဖွဲ့တွေ အခြားအဖွဲ့တွေအတွက် နေထိုင်ဖို့အတွက် အဆောင်တွေကို စီစဥ်နေတယ်လို့ စည်ပင်ရိပ်သာ(၂) တာဝန်ခံ AD ဆီကနေသိရပါတယ်။
လွှတ်​တော်ကို မတ်လ အတွင်း​ခေါ်ယူမယ်လို့ ​​ပြောထားတဲ့အတွက် ငလျင်ထိတဲ့ လွှတ်​တော်အ​​ဆောက်အဦ​တွေကို အင်နဲ့အားနဲ့ပြင်ဆင်​နေတယ်လို့သိရ​ပေမယ့် တာဝန်ရှိသူမှအပ မဝင်ရတာမို့ ပြင်ဆင်မှု ဘယ်အ​ခြေအ​နေ​ရောက်ပြီဆိုတာ​တော့ မသိရ​သေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW