ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်းတော်တွင် ထွင်းနေ

အင်းတော်၊ အောက်တိုဘာ ၂၂၊ ၂၀၁၈

နိုင်ကြီး(ကသာ)

 

ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်မယ့် မြန်မာ့ရိုးရာ စည်တော်ကြီးတလုံးကို စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် လက်ပံကုန်းရွာမှာ ထွင်းထုနေပါတယ်။

ဒီစည်တော်ကြီးကို အင်းတော်ဒေသက ‘ဆရာပွဲ’ မြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းက ဦးကျော်ညွန့်နဲ့ သားတပည့်တွေက ထွင်းထုနေကြတာပဲဖြစ်ပါတယ်။

ကုက္ကိုသားနဲ့ ထွင်းထုနေတဲ့ အဲ့ဒီ စည်တော်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ထွင်းထုနေတာဖြစ်ပြီး၊ ၈၀ ရာနှုန်းပြီးနေပြီ လို့လည်း သိရပါတယ်။

အရှည် ၁၀ ပေ ရှစ်လက်မ၊ လုံးပတ် ၆၃ ပေ၊ မျက်နှာဝအကျယ် ၅ပေ ၄လက်မရှိပြီး သစ်လုံး တလုံးတည်းကနေ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးရဲ့ မျက်နှာပြင် နှစ်ဖက်ကို ကြပ်ဖို့ နွားသားရေရရှိရေး အခက်အခဲ ဖြစ်နေလို့ အပြီးသတ်ဖို့ ကြန့်ကြာနေတယ်လို့လည်း စည်ထွင်းသူတွေက ဆိုပါတယ်။

မြန်မာမှု အနုလက်ရာတွေကို ကိုယ်ထည်မှာရော အတွင်းပိုင်းမှာပါ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးကို ထွင်းထုတဲ့ကုန်ကျစားရိတ်ဟာ သိန်း ၅၀ ခန့်ရှိနေပြီလို့လည်း သိရပါတယ်။ စည်တော်ကြီး ပြီးသွားရင်တော့ သင့်တော်ရာ နေရာတခုမှာ ထားနိုင်ဖို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ကို လှူဒါန်းသွားမယ်လို့လည်း စည်တော်ကြီးကို ထွင်းထုနေတဲ့ ဦးကျော်ညွန့်က ပြောပါတယ်။

ဓာတ်ပုံ – နိုင်ကြီး (ကသာ)

Related posts

✕
VOM News

FREE
VIEW